ဧရာဝတီတိုင်းမ်
(မင်းလှ)၊ စက်တင်ဘာ ၂ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ လှည်းပြင်တင်ကျေးရွာအုပ်စု၊ စစ်ပြန်ကွင်း ကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် ပြီးခဲ့သည့် ဩဂုတ် ၃၁ ရက်နေ့၊ နေ့လယ် ၁၂ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်သုံး ဦးသည်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ပြန်ကွင်းကျေးရွာ အရှေ့ဘက်ရှိ ကိုးထစ်(ဂဝံ) ကျောက်တောင်ဘုန်းကြီးကျောင်းတွင် ဝေယျာဝစ္စများ လာရောက်လုပ်ကိုင်ပေးလေ့ရှိသည့် အသက် ၃၀ ဝန်းကျင် အမျိုးသမီးဖြစ်သူကို ဘုန်းကြီး ကျောင်းဝင်းအတွင်း လူမရှိသည်ကို အခွင့်ကောင်းယူ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကအဓမ္မ ပြုကျင့် သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးမှာ ကပ္ပိယဖြစ်သည့် ဖခင်နှင့် အတူ ဘုန်းကြီးကျောင်းသို့လာရောက်လေ့ရှိသူဖြစ်ပြီး ဖခင်ဖြစ်သူနှင့် ကျောင်းထိုင်ဘုန်းကြီးတို့ မရှိသည့်အချိန်တွင် ယူနီ ဖောင်းဝတ်စစ်ကောင်စီတပ်သားများက ရောက်လာကာ ရိုက်နှက်နှိပ်စက်၍ မေ့မြောသည်အထိ မုဒိန်းကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲ့ဒီဘက်က တောနဲ့လည်း နီးတော့ စစ်သား သုံးယောက်က ဗိုက်ဆာလို့ ဘုန်းကြီးကျောင်းမှာ ထမင်းလာစားတဲ့ပုံပဲ။ အဲ့ဒီမှာ ကောင်မလေးက လန့်ပြီး ထွက်ပြေးဖို့လုပ်တော့ အတင်းဝိုင်းဖမ်းပြီး ပါးတွေ နားတွေ ရိုက် ကောင်မလေးက ပတ်ဝန်းကျင်ကို အကူညီတောင်းအော်တော့ သေနတ်နဲ့ထုပြီး ဝိုင်းပြီး မုဒိန်းကျင့်တာ။ ညနေထိ သူ့အိမ်က သူပြန်မလာတော့ သူ့မောင်လိုက်လာမှ ကောင်မလေးကလဲနေတာတွေ့ရတယ်” ဟု မိသားစုနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုအခါ အဆိုပါအမျိုးသမီးမှာ စစ်ကောင်စီ၏ ရိုက်နှက် နှိပ်စက်မှု‌ ကြောင့် ရရှိသည့် ဒဏ်ရာများအပြင် မိန်းမကိုယ်မှ သွေးထွက်သည်အထိ ရရှိခဲ့သည့် ဒဏ်ရာများကြောင့် ဆေးကုသမှုခံနေရကြောင်းလည်း သိရသည်။

အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်သုံးဦးသည် အမျိုးသမီးကို ဘုန်းကြီး ကျောင်းအတွင်းအဓမ္မပြုကျင့်ခဲ့ရုံသာမက ကျောင်းရှိ ထမင်း၊ ဟင်းများကိုလည်း ယူဆောင်သွားကာ ပစ္စည်းများကိုလည်း မွှေနှောက်ရှာဖွေသွားကြောင်း သိရသည်။

စစ်ပြန်ကွင်းကျေးရွာ အနီးတစ်ဝိုက်တွင် စစ်ကောင်စီ အခြေစိုက်စခန်းနှင့် စစ်တပ်မှတပ်စွဲထားသည့် စခန်းမရှိသော်လည်း ေပါ်တာဆွဲရန်နှင့် တပ်သားသစ်စုဆောင်းရန်
အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏ ဝင်ထွက်သွားလာမှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ပိုင်းမှစတင်ကာ စစ်တပ်က အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပိုမိုဆိုးရွားစွာ လုပ်ဆောင်လျက်ရှိသည်။

သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့က စစ်ကောင်စီတပ်သား သုံး ဦးမှ မသန်စွမ်း အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ပြီး တစ်ဦး ကို တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ဖမ်းဆီးရမိသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

ထို့ပြင် ယခု ၂၀၂၄ ခုနှစ် နှစ်စမှ ဇူလိုင် လကုန်အထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးဘက် နှစ်ခုလုံးမှ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုဖြစ်စဉ်နှင့် လိင်ပိုင်းဆိုင်ကာအကြမ်းဖက်မှုဖြစ်စဉ် စုစုပေါင်း အခု ၄၀ ကျော် လက်ခံရရှိထားကြောင်းလည်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) ထံက သိရသည်။

#မင်းလှ #အမျိုးသမီး #မုဒိန်းကျင့်ခံရ #စစ်ကောင်စီတပ်သား #ဘုန်းကြီးကျောင်း #Ayeyarwaddy_Times