ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၀ ရက်

ထင်ရှားသည့် လူမှုကွန်ရက်တစ်ခုဖြစ်သည့် တယ်လီဂရမ်၏ စီအီးအိုဖြစ်သူ Durovသည် လေးရက်ကြာစစ်ဆေးမေးမြန်းမှုခံရပြီးနောက် ဩဂုတ်လ ၂၈ ရက်နေ့က ယူရို ၅ သန်းအာမခံကြေး ပေးဆောင်ကာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ပြင်သစ်နိုင်ငံမှ ထွက်ခွာခွင့်ကိုမူ ပိတ်ပင်ခြင်းခံထားရကြောင်း သိရသည်။

ပြင်သစ် နိုင်ငံနှင့် ယူအေအီး နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်ထားသည့် Durov ကို တယ်လီဂရမ်တွင် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးကုန်ကူးမှု၊ ငွေကြေးခဝါချမှုများ စွဲချက်များဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဥပဒေအရ စုံစမ်းစစ်ဆေးသူများက သတင်းအချက်အလက်များကို လိုအပ်သည့်အခါ တယ်လီဂရမ်မှ အချက်အလက်များကို ပေးဆောင်ရန် ငြင်ဆိုထားမှုများလည်း ပါဝင်ကြောင်းလည်း သိရသည်။

Durov အား ဖမ်းဆီးခဲ့သည့် စွဲချက်များမှာ ခိုင်လုံသည့်အကြောင်းပြချက်နှင့် ပြစ်မှုမြောက်ကြောင်း တရားသူကြီးများက ယုံကြည်သော်လည်း နောက်ထပ် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ရန်အတွက်မူ အချိန်များစွာ ထပ်မံယူရမည်ဖြစ်ကြောင်းသိရသည်။

ရုရှားနိုင်ငံဖွားတစ်ဦးဖြစ်သည့် Durov ဖမ်းဆီးခံရခြင်းမှာ ရုရှားနိုင်ငံသားဖြစ်ခဲ့ခြင်းကြောင့် ဖမ်းဆီး ခံရခြင်းဖြစ်ပြီး ရှရုားနိုင်ငံမှ ပြောဆိုမှုများ ရှိ‌နေသော်လည်း ပြင်သစ်သမ္မတဖြစ်သူမှ ၎င်းအား ဖမ်းဆီးခြင်းမှာနိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ်သည့် ဖမ်းဆီးခြင်းမဟုတ်ဘဲ လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စာတိုပို့‌ဆောင်မှုကို အခြေခံသည့် လူမှုကွန်ရက်တစ်ခုဖြစ်သည့် တယ်လီဂရမ်သည် မူပိုင်ခွင့် (copyright)လွတ်လပ်ခွင့်များကြောင့် လူသုံးများလာကာ အသုံးပြုသူပေါင်း သန်း ၉၀၀ ကျော်ရှိပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အသုံးပြုသူအများဆုံး လူမှုကွန်ရက်များတွင် နံပါတ် ၈ အနေဖြင့် ရပ်တည်နေကြောင်း သိရသည်။

အသက် ၃၉ နှစ် အရွယ် တယ်လီဂရမ် စီအီးအိုဖြစ်သူ Durov သည် ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက်နေ့က ပြင်သစ်နိုင်ငံသို့လာရောက်စဉ် ပဲရစ်လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၉၆ နာရီအကြာတွင် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသည်။

ဓာတ်ပုံ – အင်တာနက်
ကိုးကား – AP News

#တယ်လီဂရမ် #စီအီးအိုပြန်လွတ် #Ayeyarwaddy_Times