
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၀ ရက်
အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံ ရှုံးနိမ့်လာသော စစ်ကောင်စီသည် တပ်ထောက်ခံသူ၊ Non CDM ဝန်ထမ်းနှင့် တပ်ဖွဲ့ဝင်များကို နှစ်သိမ့်စည်းရုံးသည့်အနေဖြင့် ကူညစောင့်ရှောက်ပေးရေး ဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းရန် ကော်မတီဖွဲ့ စီစဉ်နေကြောင်း သိရသည်။
စစ်ကောင်စီသည် အာဏာသိမ်း ကာလအတွင်း သေဆုံး၊ ကိုယ်အင်္ဂါ အစိတ်အပိုင်း ဆုံးရှုံးခဲ့သည့် တပ်ထောက်ခံသူ၊ Non CDM ဝန်ထမ်းများနှင့် တပ်ဖွဲ့ဝင်များကို ရည်ညွှန်း၍ ကူညီစောင့်ရှောက်ပေးနိုင်သော ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းနိုင်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အဆိုပါကော်မတီကို စစ်ကောင်စီခန့်အပ် လူကယ်ပြန်ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ကာကွယ်ရေး၊ ပြည်ထဲရေး၊ စီမံဘဏ္ဍာ၊ ဥပဒေရေးရာနှင့် ကျန်းမာရေး ဒုဝန်ကြီးတို့ အပါအဝင် လူပုဂ္ဂိုလ် ၁၈ ဦးဖြင့် ဖွဲ့စည်းထားကြောင်း စစ်ကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် (၁၄၁/၂၀၂၄)အရ သိရသည်။
“အဓိကကတော့ သူတို့ နိုင်ငံရေးအရ စည်းရုံးရေး တစ်ရပ်အနေနဲ့ ဒါတွေလုပ်နေတယ်ဆိုတာ ချပြစည်းရုံးတဲ့ သဘောပါပဲ။ ဒီလိုဥပဒေ ပေါ်ပေါက်လာဖို့ ဆိုတာကတော့ ဒီကာလကြီးမှာ လက်တွေ့မလွယ်ပါဘူး” ဟု စစ်ကိုင်းဒေသခံ နိုင်ငံရေးသမား ကိုစိုးဝင်းဆွေက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီကမူ ယင်းကော်မတီကိုအကြမ်းဖက်ခံရမှုများကြောင့် သေဆုံး၊ ကိုယ်အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးခဲ့ရသည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျန်ရစ်သူမိသားစုဝင် သားသမီးများအား ကူညီစောင့်ရှောက်ပေးနိုင်သော ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းနိုင်ရေး ဦးဆောင်ကော်မတီဟု သုံးနှုန်းထားကြောင်း သိရသည်။
ထိုအမိန့်ကြော်ငြာစာပါ ပြည်သူဆိုသည်မှာ စစ်ကောင်စီအားပေး တပ်ထောက်ခံသူများကို ရည်ညွှန်းခြင်းဖြစ်ပြီး တကယ်ပြည်သူ အစစ်အမှန်များ ထိခိုက်နစ်နာမှုကိုမူ ကူညီပေးရန် ရည်ရွယ်ချက်ရှိမည် မထင်ကြောင်း နိုင်ငံရေးသမား ကိုစိုးဝင်းဆွေက သုံးသပ်သည်။
အဆိုပါ ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ ဥပဒေတွင် ပါဝင်ရမည့် ကဏ္ဍအလိုက် လိုအပ်သည့် မူဝါဒ၊ လမ်းညွှန်ချက်နှင့် အစီအမံများ ချမှတ်ပေးခြင်း၊ ဥပဒေရေးဆွဲ ပြဋ္ဌာန်းနိုင်ရေးအတွက် လိုအပ်သော လုပ်ငန်းကော်မတီများ၊ အဖွဲ့များ ဖွဲ့စည်းခြင်းတို့ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဥပဒေရေးဆွဲ ပြဋ္ဌာန်းနိုင်ရေးအတွက် သင့်လျော်သည့်ကာသတ်မှတ်၍ အချိန်မီရေးသား ပြုစုနိုင်ရေး ကြီးကြပ်ခြင်း၊ ဆက်စပ်လျက်ရှိသည့် လက်ရှိတည်ဆဲ ဥပဒေများကို လေ့လာပြီး ချိတ်ဆက်ရေးဆွဲနိုင်ရေး လမ်းညွှန်မှုပေးခြင်း စသည့်တို့ကို ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီ လက်အောက်ခံ စစ်တပ်၊ ရဲ စသည်တို့သည် ထိခိုက်သေဆုံး၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးရမှု များပြားနေသည့်အတွက် စိတ်ဓာတ်ကျနေပြီး မိသားစုဝင်များလည်း စစ်ကောင်စီ လက်အောက်ခံအဖြစ် ရပ်တည်နေမှုအပေါ် သိပ်အားမပေးချင်တော့ကြောင်း CDM ဗိုလ်ကြီး ညီသုတက ဆိုသည်။
“စစ်ကောင်စီဆီမှာ ဆက်ပြီးလုပ်ဖို့အတွက် သိပ်အားမပေးတဲ့ အခြေအနေမျိုး ဖြစ်လာတယ်။ ဒါကို ထိန်းသိမ်းချင်တာကြောင့် နှစ်သိမ့်ဖို့အတွက် လုပ်တဲ့အစီအစဉ်မျိုးပါ။ သူတို့အတွက် အသေခံ ပေးမယ့်သူတွေ၊ ခြေပျက်လက်ပျက် အဖြစ်ခံမယ့်သူတွေ နည်းသွားမှာဆိုးလို့ တွန်းအားပေးတဲ့ သဘောပါ” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှုများကြောင့် တပ်ဖွဲ့ဝင်အင်အား လျော့နည်းလာမှုအပေါ် ပြန်လည်ဖြည့်တင်းနိုင်ရန် ပျူစောထီး၊ ပြည်သူ့စစ်များ ဖွဲ့စည်းခြင်းအပြင် ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ အရန်တပ်ဖွဲ့ ဥပဒေ စသည်တို့ဖြင့် တပ်သားစု စုဆောင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။ နောက်ဆုံးအနေဖြင့် အသက် ၃၅ နှစ်မှ အသက်၆၅ နှစ်အထိ အရွယ်များကို လုံခြုံရေးတာဝန်များထမ်းဆောင်ရန်အတွက် ရွေးချယ်ဆင့်ခေါ်မှုများ ပြုလုပ်နေပြီဖြစ်သည်။
#တပ်ထောက်ခံသူများ #တပ်ဖွဲ့ဝင်များ #နှစ်သိမ့်စည်းရုံးရန် #ဥပဒေတစ်ရပ် # းစစ်ကောင်စီ #စီစဉ်နေ
#Ayeyarwaddy_Times