
ဧရာဝတီတိုင်းမ်
(သံဖြူဇရပ်)၊ ဩဂုတ် ၃၀ ရက်
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်း၊ အနန်းကွင်း ကျေးရွာအနီးတစ်ဝိုက်တွင် ပြီးခဲ့သည့် ဩဂုတ် ၂၈ ရက်က စစ်ကူရန်တက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအလောင်း ကိုး လောင်း ရရှိခဲ့ကြောင်း သိရသည်။
ရေးမြို့နယ် အခြေစိုက် အမှတ်(၁၉)၊ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် လက်အောက်ခံ ခမရ-၅၈၃ နှင့် ခမရ- ၅၈၇ တပ်ရင်းတို့မှ အနန်းကွင်းရွာသို့ စစ်ကူတက်လာသည့် စစ်ကောင်စီစစ်ေကြောင်းကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA) တပ်ရင်း-၂၇ နှင့် ပြည်သူ့တော် လှန်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်များက ကြားဖြတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တိုက်ပွဲ စဖြစ်တာတော့ စစ်ကူလာတဲ့ စစ်ကြောင်းကို ဖြတ်တောက် တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီမှာ အထိနာကြတယ်။ ပြီးတော့ စစ်ကောင်စီကကောင်တွေ သူတို့ရဲ့ သေဆုံးရဲဘော်တွေကို စွန့်ခွာပြီး သူတို့လိုရာခရီးကို မြန်မြန်သွားတဲ့ ပုံစံမျိုးပါပဲဗျ” ဟု တောင်ညိုစစ်ကြောင်းမှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိ အနန်းကွင်း ကျေးရွာအနီးတစ်ဝိုက်တွင် နှစ်ဖက်စစ်ရေးပြင်းထန်နေပြီး စစ်ကောင်စီ၏ အနန်းကွင်းစစ်ဗျူဟာကုန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ပြီးနောက် နေ့စဉ်နီးပါး ထိတွေ့မှုများဖြစ်ပွားလျက်ရှိသည်။
စစ်ကောင်စီဘက်မှလည်း အနန်းကွင်းဗျူဟာကုန်း မကျစေရေးအတွက် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန်ခုခံနေကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့ကအတွင်းစခန်းကြီးရွာ နှင့် ဝဲတော်ရွာသင်္ချိုင်း အနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန် ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံး ဦးသေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#သံဖြူဇရပ် #အနန်းကွင်း #စစ်ကောင်စီစစ်ကူ #သေဆုံး #တိုက်ခိုက်ခံရ #Ayeyarwaddy_Times