
ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၀ ရက်
ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းအပါအဝင် ယင်းနှင့်ဆက်စပ်လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် စက်တင်ဘာ ၁ ရက်နေ့တွင် မုန်တိုင်းငယ်အဖြစ်အားကောင်းလာနိုင်သဖြင့် တိုင်းနှင့်ပြည်နယ်တို့တွင် မိုးပိုနေမည် ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ထုတ်ပြန်သည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည်အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး ဩဂုတ် ၃၀ ရက်နေ့တွင်ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းအပါအဝင် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့သို့ ရောက်ရှိနိုင်ကာ စက်တင်ဘာ ၁ ရက်နေ့တွင်မုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကြောင်းခန့်မှန်းထားသည်။
အဆိုပါမုန်တိုင်းငယ်အရှိန်ကြောင့် လာမည့် ၂ ရက်အတွင်း ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ကချင်ပြည်နယ် တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး ရွှေ့လျားရာတစ်လျှောက်တွင် မိုးသည်းထန်စွာ ရွာသန်းခြင်းနှင့် လေပြင်းတိုက်ခိုက်ခြင်းများဖြစ်နိုင်ကြောင်းသိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့်မြစ်ရေများမြင့်တက်လျက်ရှိရာတွင် စစ်တောင်းမြစ်ရေသည် တောင်ငူနှင့် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်ကျော်လွန်ရောက်ရှိနေပြီး အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံဖြစ်ပွားနေကြောင်း သိရသည်။
သံလွင်မြစ်ရေသည် ဘားအံ့မြို့တွင် စိုးရိမ်ရေမှတ်ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၁ ရက်အတွင်း ပြန်လည်ကျဆင်းမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင်မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ လှိုင်းအမြင့်မှာ ၈ ပေမှ ၁၀ ပေခန့်အထိ ရှိနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်သည်။
ဓာတ်ပုံ – မိုးဇလ
#လေဖိအားနည်းရပ်ဝန်း #မုန်းတိုင်းငယ် #တိုင်းနှင့်ပြည်နယ်တို့တွင်မိုးပိုနေမည် #Ayeyarwaddy_Times