
ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၀ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ အိုင်မရွာ၊ မိုးကြိုးပစ်ရွာနှင့် အရှေ့စုရွာများတွင် ကင်းတဲများဆောက်လုပ်ခိုင်းပြီး ညကင်းစောင့်ခိုင်းနေကြောင်း ဒေသခံပြည်သူအချို့ထံမှ သိရသည်။
ဩဂုတ်လ ၂၆ရက်နေ့ကစတင်ကာ ကင်းတဲများထိုးရပြီး နောက်ရက်တွင် စတင်ကင်းစောင့်ကြရကြောင်းနှင့် တစ်ညလျှင် လူ ငါးယောက် အလှည့်ကျစောင့်ရသည်ဟု ဒေသခံများက ပြောသည်။
“ရဲတွေ လာလာစစ်တယ်၊ လိုက်စစ်လို့ကင်းစောင့် မရှိရင်အပြစ်ပေးတယ်။ ကင်းစောင့်တဲ့လူတွေကို ဘာပစ္စည်းမှမဆောင်ရဘူးဆိုတော့ စိတ်တွေလည်းညစ်တယ်။ ဘာတွေဖြစ်လာအုံးမလဲမသိဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းကဲ့သို့ ကင်းမစောင့်နိုင်ပါက တစ်ညလျှင် ကျပ်တစ်သောင်းဖြင့် လူအစားထိုးငှါးရမ်းစောင့်ရကြောင်း သိရသည်။ ထို့အပြင် စစ်မှုထမ်းထောက်ပံ့ငွေအဖြစ် တစ်အိမ်ထောင်လျှင် တစ်သောင်းကျပ် လစဉ်ပေးနေရသည့်အတွက် ပြည်သူများတွင် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးသည် ရခိုင်ပြည်နယ်နှင့် နယ်စပ်ချင်းထိစပ်နေစည့်အတွက် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်လာမည်ကို စစ်ကောင်စီက ကြောက်ရွံ့စိုးရိမ်နေသည့် အတွက် ပြည်သူများကို လုံခြုံရေးကင်းစောင့်ခိုင်နေခြင်းနှင့် ဒေသခံလူငယ်အချို့ကိုလည်း ဖမ်းစီးစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
#ကျုံပျော်မြို့နယ် #ကျေးရွာများ #ကင်းတဲများဆောက်လုပ်ခိုင်းည#ညကင်းစောင့်ခိုင်း #Ayeyarwaddy_Times