
ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၀ရက်
ရခိုင်ပြည်နယ်၊ မြို့နယ်အချို့မှ စစ်ဘေးရှောင်များ အရေပြားရောဂါများခံစားနေရပြီး ဆေးကုသရန်ခက်ခဲမှုများရှိနေကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်နှင့် ပေါက်တောမြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများနှင့် စစ်ဘေးရှောင်များနေထိုင်နေသည့်ရွာအချို့တွင် ယားနာနှင့် အရေပြားရောဂါများ ဖြစ်ပွားနေ ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ် စစ်ရှောင်စခန်းများအနက် အိမ် ထောင်စု ၄၇၀၊ လူဦးရေ ၂၀၀၀ကျော် ရှိသော ပန်းနီလာ စစ်ရှောင်စခန်းတွင် ယားနာနှင့် အရေပြားရောဂါဖြစ်ပွားသူ ၂၀၀နီးပါးရှိကြောင်း သိရသည်။
ရောဂါဖြစ်ပွားသည်မှာ တစ်လကျော်ကြာမြင့်လာပြီဖြစ်သော်လည်း ဆေးဝါးကုသရန်အခက်အခဲနှင့် ဆေးဝါးပြတ်လပ်မှုကြောင့် ရောဂါပျောက်ကင်းသက်သာကြခြင်း မရှိကြောင်း သိရသည်။
“လမ်းကြောင်းတွေအကုန်ပိတ်နေတဲ့အပြင် စစ်ကောင်စီက ဆေးဝါးသယ်ယူမှုကို ပြင်းပြင်းထန်ထန်တားမြစ်ထားတယ်။ ဆေးမှူးဆေးသယ်တာတောင် ဖမ်းတယ်ဗျာ။ ဘယ်က ဆေးနဲ့ကုကြမလဲ။ ရေညစ်ပတ်တွေသုံးနေရတာရော။ စစ်ရှောင်ဦးရေများလာပြီး အကုန်စုနေရတာရောနဲ့ ရောဂါတွေက ကူးစက်မှုမြန်ကုန်တယ်” ဟု ရခိုင်စစ်ရှောင်များကို ကူညီနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်းရှိ စစ်ဘေးရှောင်ရွာအများစုတွင်လည်း ယားနာရောဂါများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
အရေပြားရောဂါဖြစ်ပွားသူများမှာ ကလေး၊ လူငယ်၊ လူကြီး အကုန်လုံးနီးပါးတွင်ဖြစ်ပွားနေပြီး ခြေ၊ လက်၊ လက်ကြား၊ ကျော၊ ဝမ်းနှင့် ဂုတ်ပိုး တစ်ကိုယ်လုံးနေရာအနှံ့ဖြစ်ပွားနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်တစ်ဝှမ်းတွင် ပြီးခဲ့သည့် ဇူလိုင် ၂၀မှစတင်ကာ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ပြီး သောက်သုံးရေကန်များအတွင်းသို့ ဆားငန်ရေနှင့် ညစ်ညမ်းရေများဝင်ရောက်ခဲ့သည်။
ရေပြန်ကျချိန်တွင်လည်း ဆားငန်ရေနှင့် ညစ်ညမ်းရေများဝင်ရောက်ထားသည့်မသန့်ရှင်းသော ရေတွင်း၊ရေကန်များမှ ရေကိုသာ သောက်သုံးနေရသည့်အတွက် အရေပြားရောဂါနှင့်ဖျားနာရောဂါများ ကူးစက်ခံစားနေရခြင်းဖြစ် ကြောင်း သိရသည်။
အာရက္ခတပ်တော် (AA)ကလည်း စစ်ဘေးရှောင်များကို ကူညီထောက်ပံ့မှုများပြုလုပ်နေပြီး စစ်ဘေးရှောင်အများစုမှာ ဝမ်းပျက်ဝမ်းလျှောနှင့် အခြားရောဂါများခံစားနေရသည့်အတွက် ၎င်းတို့ကို ကုသရန်အတွက် နိုင်ငံတကာနှင့်အရပ်ဘက်အဖွဲ့အစည်းများမှ ဆေးဝါး အကူကညီပေးရန် ပြီးခဲ့သည့် ဩဂုတ် ၁၆ရက်နေ့က တောင်းဆိုထားသည်။
ပုံစာ- ပုဏ္ဏားကျွန်းရှိ အရေပြားရောဂါ ခံစားနေရသော စစ်ရှောင်များ
#ရခိုင် #စစ်ဘေးရှောင် #အရေပြားရောဂါ #ယားနာရောဂါ #ဖြစ်ပွား #Ayeyarwaddy_Times