
ဓာတ်ပုံ - လူမှုကွန်ရက်
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၂ ရက်
ယနေ့ ဩဂုတ်လ ၁၂ ရက် ညနေ ၂ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာသို့သွားသော စစ်အင်အားအပြည့်ဖြင့် စစ်ကားအကြီး ၇ စီးအား ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂၃ ၊ တပ်ခွဲ ၁ နှင့် မဟာမိတ်အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂၃ က သတင်းထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂၃ ၊ တပ်ခွဲ ၁ နှင့် မဟာမိတ်များ သိဒ္ဓိရှင် တိုက်နယ် (ပကဖ)၊ Shwe Bo Defense Force (SBDF) နှင့် Daung (ဒေါင်း) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ စိုင်နိုင်ဂွေ့နှင့် သားနားကျေးရွာတွင် ပဒေသာမိုင်း အလုံး ၃၀ဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးမထက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကြောင်းသိရသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများသည် လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး ကျန်ရှိနေသော စစ်ကောင်စီတပ်သားများမှာ လှတောကျေးရွာရှိ ရဲစခန်းတွင်တပ်စွဲထားကြောင်းသိရသည်။
ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မန္တလေး – မြစ်ကြီးနားလမ်းပိုင်းအား အသုံးပြုမည်ဆိုလျှင် စစ်ကောင်စီ ကားများနှင့် တက်နိုင်သမျှ အဝေးမှနေ၍ သွားပြီး ထုတ်ပြန်ထားသော စည်းကမ်းများအားလိုက်နာရန် ရွှေဘိုခရိုင် တပ်ရင်း (၂၃) နှင့် မဟာမိတ်အဖွဲ့များမှ ထုတ်ပြန်ထားပါသည်။