
ဟိန်းစံ/ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၂ ရက်
အာဏာသိမ်းစစ်ကောင်စီတပ်အတွင်း ပြည်သူလူထုနှင့်ပူးပေါင်းပြီး CDM ပြုလုပ်လာခြင်းမဟုတ်သော် လည်း အကြောင်းအမျိုးမျိုးဖြင့် စစ်ကောင်စီတပ်ကိုစွန့်ခွာထွက်ပြေးနေသူယခင်ထက်ပိုမိုများပြားလာကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံက သိရသည်။
စစ်အာဏာသိမ်းပြီးနောက် ယင်းကဲ့သို့စွန့်ခွာထွက်ပြေးနေသူပိုမိုများပြားလာတာဖြစ်ပြီး စစ်ကောင်စီတပ်၏ ဖိအားပေးခိုင်းစေမှုများနှင့် ငွေကြေးအကြပ်အတည်းများကြောင့် စွန့်ခွာထွက်ပြေးသူပိုမိုများပြားလာခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။
”စစ်တပ်ကပြေးနေတာတော့ ဟိုကထဲကပြေးကြတာဘဲ။ CDM ဆိုတာက အာဏာသိမ်းပြီးတော့မှပေါ်လာတာ။ CDM ဝင်တဲ့သူတွေကလည်း သူ့နိုင်ငံရေးခံယူချက်နဲ့ဝင်ပေါ့။ စွန့်ခွာနေကြတဲ့ တော်တော်များများကတော့် CDM ဆိုပြီး မဖော်ပြချင်ကြဘူး။ နိုင်ငံရေးထဲ မပတ်သက်ချင်တာပေါ့။အေးအေး ဆေးဆေးဘဲ ထွက်ပြီးဇာတ်မြုပ်နေကြတာ များကြတယ်။ ခုနောက်ပိုင်း တအားပြေးကြတယ်”ဟု မန္တလေး နန်းတွင်း လပခ လက်အောက်ခံတပ်အမည်မဖော်လိုသူ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီအောက်ခြေတပ်သားများအနေဖြင့် အကြောင်းအမျိုးမျိုး၊နည်းမျိုးစုံဖြင့် စစ်ကောင်စီတပ်ကိုစွန့်ခွာထွက်ပြေးနေပြီး စစ်အာဏာသိမ်းပြီးနောက်ပိုမိုများပြားလာသည်ဟု ပြီးခဲ့သည့်ဇွန်လအတွင်းက CDM ပြုလုပ်လာသည့် စစ်ကောင်စီအမြောက်တပ် တပ်ဖွဲ့ဝင်တဦးကဆိုသည်။
”ကျနော်ထွက်မလာခင်က မိတ္ထီလာက အမြောက်သင် တန်းကျောင်းမှာ ခုနှစ်အစပိုင်းလောက်မှာ အမြောက်နဲ့ပတ်သက်တဲ့သင်တန်း ၃ လတက်ရတာ။ အဲ့ဒီသင်တန်းကျောင်းမှာက သင်တန်းတွေအများကြီး ပစ်ထောက် ၊ဆက်သွယ်ရေး၊ မြေတိုင်း၊ ဒုံးအခြေခံ အဲ့ဒီလိုသင်တန်းတွေရှိတယ်။ သင်တန်းအဆောင်တွေတော့မတူဘူးပေါ့။ ထွက်ပြေးတဲ့သတင်းကနေ့တိုင်းကြားရတယ် ၊ သင်တန်းတခုမဟုတ်တခုက ၃ယောက်တတွဲ၊ ၄ ယောက်တတွဲပြေးလို့ လိုက်ရှာရပြန်ပြီဆိုတာမျိုးတွေ ။ ဒုံးအခြေခံသင်တန်းဆိုပိုဆိုးတယ် အပြေးများလို့ ဖုန်းတွေကိုသိမ်းထားပြီး စနေ၊ တနင်္ဂနွေမှ ထုတ်ပေးတယ်။ CDM ရယ်ဘာရယ်မဟုတ်ဘူး ဒီတိုင်းကိုပြေးကြတာ”ဟု ဇွန်လအတွင်း မြိတ်မြို့အခြေစိုက် အမှတ် ၅၀၁ အမြောက်တပ်ရင်းက CDM ပြုလုပ်လာသည့် ကိုအောင်မင်းထက်က ပြော သည်။
စစ်ကောင်စီတပ်ကို စွန့်ခွာထွက်ပြေးနေသူများတွင် အောက်ခြေတပ်သားအဆင့်မှ လုပ်သက်ရင့်ဗိုလ်ကြီးအဆင့်များအထိပါဝင်နေပြီး စစ်အာဏာသိမ်းပြီးနောက်ပိုမိုများပြာလာသည်ဟု CDM တပ်မတော်သား အရာရှိ ဗိုလ် ကြီး ဇင်ယော်ကပြောသည်။
”ပြေးတယ် ပြေးတာမှတော်တော်များများပြေးတယ်၊ အရာရှိတွေရော စစ်သည်တွေရော ပိုပြေးလာတယ်။ ဘာလို့ဆို ခုကာလက အပြင်မှာ CDM လို့ပြောလိုက်ရင် နေရာတခု၊စားပေါက်တခုခုချောင်မယ်လို့ပြန်သိရတယ်။အဲ့တာတွေကြောင့်အပြေးများလာတယ်။နောက်ပြီး ဒီလစာနဲ့ကုန်စျေးနှုန်းနဲ့မညီမျှမှုတွေကြားမှာသူတို့ဘာမှလုပ်မရဘူး။ ပြီးရင် နေရာကောင်းရတာကတဖွဲ့ မရတာကတဖွဲ့ရှိတယ်။ ဒါတွေကြောင့်ပိုပြီးပြေးလာတယ်။ အာဏာသိမ်းပြီးကာလမှာစစ်တပ်ကမနားရတော့ဘူး။ စစ်ပန်းလာတာပါတာပေါ။ အဲ့ဒီအတွက်ကြောင့်လည်းဖြစ်တယ်။ခွင့်မပြန်ရတဲ့အချက်တွေကြောင့်လည်းဖြစ်တယ်။ ဒါတွေကြောင့်ပါ။ နောက်လည်းဆက်ပြီးပြေးနေဦးမှာပါ။ သူ့ဘာသာသူပြိုလဲပြီးအခွံကြီးဘဲကျန်တော့မယ့်အခြေအနေဘဲရောက်ပါလိမ့်မယ်။ ကျနော်တခါပြောဖူးသလို နောက်ဆုံးစစ်တပ်ဆိုတာအလံတိုင်ဘဲကျန်လိမ့်မယ်လို့ပြောချင်ပါတယ်”ဟု CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် လက်နက်ကိုင်ဆန့်ကျင်တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှေ့တန်းစစ်စခန်းများမှ တော်လှန် ရေးအဖွဲ့အစည်းများထံပူးပေါင်းလာသူ များပြားလာပြီး နောက်တန်းတပ်ရင်းများမှလည်း စွန့်ခွာထွက်ပြေးနေသူအများအပြားဖြစ်နေသဖြင့် စစ်ခေါင်းဆောင်များကိုယ်တိုင် အောက်ခြေအထိ အကြိမ်ကြိမ်စည်းရုံးရေးဆင်းနေရကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံကသိရသည်။