ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ ရက်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ အင်္ဂါနေ့မှစပြီး တရုတ်-မြန်မာနယ်စပ်၊ တရုတ်ဘက်ခြမ်းတစ်လျှောက် ၃ ကြာမြင့်မယ့် ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်နေတယ် လို့ South China Morning Post သတင်းစာက ယူနန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ကြေညာချက်ကို ကိုးကား ပြီး ဖော်ပြပါတယ်။

စစ်ရေးလေ့ကျင့်ဖို့ သတ်မှတ်ထားတဲ့ဧရိယာတွေထဲမှာ ရွှေလီမြို့၊ တိုင်နဲ့ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုလည်း ပါဝင်တယ်လို့ အဆိုပါသတင်းစာက ဖော်ပြပါတယ်။

နယ်စပ်မှာ လက်နက်ကိုင်ကင်းလှည့်မှုနဲ့ ဝေဟင်-မြေပြင် ပူးတွဲကင်းလှည့်မှုတွေ လုပ်ဆောင်ဖို့ ရွှေလီနဲ့ ကျန်ကန်မြို့သို့ တပ်ဖွဲ့တွေ စေလွှတ်နေတယ်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ တောင်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ်က ကြေညာပြီးနောက် ယူနန်ပြည်နယ်အစိုးရက စစ် ရေးလေ့ကျင့်မှုအကြောင်း တနင်္လာနေ့က ကြေညာခဲ့တာပါ။

တရုတ်က မြန်မာနယ်စပ်အနီး ဘာကြောင့် ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်သလဲ?

စစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်မှာ တပ်ဖွဲ့တွေရဲ့ ရွေ့လျားနိုင်စွမ်းနဲ့ ပူးတွဲတိုက်ခိုက်နိုင်စွမ်းကို စမ်းသပ်ဖို့၊ နယ်စပ်ဒေသတွေ ဘေးကင်းလုံခြုံရေးနဲ့ တည်ငြိမ်မှုရှိဖို့ဖြစ်တယ်လို့ တရုတ်စစ်တပ်က ထုတ် ပြန်ခဲ့ပါတယ်။

တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ မြန်မာပြည်တွင်းစစ် ပျံ့နှံ့လာမှုကို တားဆီးဖို့နဲ့ တရုတ် နယ်စပ် လုံခြုံမှုရှိဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုကို ရည်မှန်းချက် မြင့်မားစွာ သတ်မှတ်ထားပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအပြင် နယ်စပ်ဒေသ လုံခြုံရေးနဲ့ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ အလွန်အမင်း စိုး ရိမ်မှုကို ထင်ဟပ်စေတယ်လို့ ဆိုပါတယ်။

မြန်မာပဋိပက္ခက မြန်မာနိုင်ငံရှိ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ထိခိုက်လာနိုင်ပြီး နယ်စပ်ဒေသ တည်ငြိမ်မှုရှိမှသာ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်မယ်လို့ တာဝန်ရှိသူတစ်ဉီးက ပြောပါ တယ်။

မြန်မာပဋိပက္ခ တရုတ်နိုင်ငံထဲ ပျံ့နှံ့လာတာကို တရုတ်နိုင်ငံက ဆန့်ကျင်မှာဖြစ်ပြီး ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ပေးဖို့ ကြိုးပမ်းနေတယ်လို့ တရုတ်စစ်တပ်မှ အငြိမ်းစား ဗိုလ်မှူး ကြီးတစ်ဉီးက ပြောပါတယ်။
မြန်မာက ဘာကြောင့် တရုတ်အတွက် အရေးပါလဲ

အာဏာဆုပ်ကိုင်ဖို့ ကြိုးပမ်းမှုတစ်ရပ်အနေနဲ့ စစ်ကောင်စီက ဇူလိုင်လကုန်မှာ အရေးပေါ်အခြေ အနေ နောက်ထပ် ၆ လ သက်တမ်းတိုးခဲ့တဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ အရှိန်မြှင့်လာစဉ် တရုတ်စစ် တပ်က ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အပါအဝင် မကြာသေးမီနှစ်တွေအ တွင်း မြန်မာနိုင်ငံမှာ အရေးပါသော စီမံကိန်းတွေကို ဖော်ဆောင်ခဲ့ပါတယ်။

တရုတ်နိုင်ငံက ရေနံတင်သွင်းရာမှာ မလက္ကာရေလက်ကြားကို မှီခိုနေရတာ လျှော့ချဖို့ ကြိုးပမ်း နေတာကြောင့် သူ့ရဲ့ အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက် ရောက်ရှိနိုင်ရေး မဟာဗျူဟာမြောက် ရည်မှန်းချက် မှာ မြန်မာနိုင်ငံက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။

တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ဟာ လက်ရှိပဋိပက္ခတွေ အဓိကဖြစ်ပွားရာနေရာ ဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနှောင်းပိုင်းမှာ ထိုးစစ်ဆင်မှု စတင်ခဲ့ ရာ ၂၀၂၁ ခုနှစ်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီအတွက် သိသာသော စိန်ခေါ်မှုတစ်ခု ဖြစ်စေခဲ့ပါတယ်။

ဇန်နဝါရီလအတွင်း နယ်စပ်တစ်လျှောက် လက်နက်ကြီးပစ်ခတ်မှုကြောင့် ယူနန်ပြည်နယ်၊ နန် ဆန်မြို့မှာ လူငါးဉီး ဒဏ်ရာရရှိခဲ့လို့ တရုတ်နိုင်ငံက ကန့်ကွက်မှုပြုလုပ်ကာ မြန်မာနိုင်ငံမှာ အပစ်အခတ် ရပ်စဲဖို့ တောင်းဆိုခဲ့ရပါတယ်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၂၀၀၀ အထိ နယ်နိမိတ်ချင်း ထိစပ် နေပါတယ်။ ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံက ကြားဝင်ဖျန်ဖြေခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်ဟာ တိုက်ပွဲတွေ ပြန်လည်စတင်မှုနဲ့အတူ ဇွန်လမှာ ကျိုးပျက်ခဲ့ပါတယ်။

တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့ပေမယ့် တရုတ်နိုင်ငံက သံတမန်ရေးကြိုးပမ်းမှုနဲ့ ထိတွေ့ဆက်ဆံ ဖို့ ဆက်လက်လုပ်ဆောင်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ကြား ကြားဝင်ဖျန်ဖြေပေးဖို့ ဒီလအစောပိုင်းမှာ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပါတယ်။

လုံခြုံရေးအခြေအနေ စိုးရိမ်မှုတွေ မြင့်တက်လာလို့ တရုတ်နိုင်ငံဟာ မြန်မာနယ်စပ်တစ်လျှောက် ဧပြီလအတွင်း ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

တရုတ်စစ်တပ်ဟာ သူ့နိုင်ငံသားတွေကို ကာကွယ်ပေးမယ့် လိုအပ်သော အစီအမံအားလုံး လုပ် ဆောင်မယ်လို့ စစ်တပ်အာဘော် သတင်းစာက အဲဒီအချိန်က ဖော်ပြခဲ့ပါတယ်။

Business Standard မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Bhaswar Kumar ရဲ့ Why is China set to hold live-fire military drills along Myanmar border? ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။

#Ayeyarwaddy_Times