
ဧရာဝတီတိုင်းမ်
(တောင်ငူ)၊ ဩဂုတ် ၂၇ ရက်
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့အခြေစိုက် တောင်ငူလေတပ်စခန်းကို ယမန်နေ့ ဩဂုတ် ၂၆ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ “Rain Of Fire” မိုးရာသီစစ်ဆင်ရေး အနေဖြင့် လေတပ်ဝင်းအတွင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲထံက သိရသည်။
လေတပ်ဌာနချုပ်ဝင်းအတွင်းသို့ ၁၁၄ မမ ရှော့တိုက်ဒုံးများ၊ Kamikaze drone(ကာမီကာဇဲဒရုန်း) များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်ဌာနချုပ်အတွင်း ကျရောက်ပေါက်ကွဲမှုများရှိခဲ့သည့်အတွက် ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့် အခြားအဆင့် ငါးဦး သေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“သူတို့ (စစ်ကောင်စီ) ဘက်ကတော့ သတင်းဖုံးထားတယ်ကြားတယ်ဗျ။ ကျွန်တော်တို့ ကာမီကာဇေနဲ့ ပစ်တော့ သူတို့ဘက်က ၁၀၅ တွေနဲ့ ပြန်ပစ်တယ်။ ကာမီကာဇေကတော့ ထောက်ပို့တပ် ၉၃၀ ထဲကျတယ်။ ၁၀၇ မမ တွေကတော့ လေတပ်တွင်းနဲ့ အဲ့ဝန်းကျင်တွေကျပြီး ထိခိုက်မှုတွေရှိတယ် ကြားပါတယ် သတင်းအတိအကျတော့ မသိသေးပါဘူး” ဟု တောင်ငူအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တောင်ငူလေတပ်စခန်းသည် ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်တောင်ပိုင်း ဒေသများတွင် အရပ်သားများနှင့်တော် လှန်ရေးတပ်ဖွဲ့များထံ အဓိကထားဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သည့် လေတပ်ဌာနချုပ်စခန်းတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
“တောင်ငူလေတပ်ကို တိုက်ခိုက်တဲ့ ရည်ရွယ်ချက်ကတော့ စစ်ကောင်စီတပ်က စစ်ဥပဒေကို ကျူးလွန်ပြီးတော့ တော်လှန်ရေးတပ်ဖွဲ့တွေကို လေကြောင်း အင်အားသုံးနှိမ်နင်းတာရယ်၊ အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဒီလေကြောင်းက အဓိကခြိမ်းခြောက်နေတာဖြစ်တဲ့အတွက် တိုက်ခိုက် ရခြင်းဖြစ်ပါတယ်” ဟု တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ ပြန်ကြားရေး တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုတိုက်ခိုက်မှုကို စစ်ဒေသခွဲ လက်နက်ကြီးတပ်ဖွဲ့၊ ရှားထူးဝေါ နည်းပညာအဖွဲ့၊ KLOUD Drone Team၊ တပ်မဟာ-၂ KNLA တပ်ရင်း-၅ နှင့် အထူးတပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ငူခရိုင် အမှတ်(၂) တပ်ရင်း-၃၅၀၂၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ငူလေတပ်စခန်းကို ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက်နေ့ကလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ နှစ်ဦးသေဆုံးခဲ့ပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကာ အဆောက်အအုံထိခိုက်ပျက်စီးမှု အချို့ရှိခဲ့ကြောင်း Mountain Knights Civilian Defense Force(MKCDF) ထံက သိရသည်။
ဓာတ်ပုံ – အင်တာနက်
ပုံစာ – တောင်ငူလေတပ်စခန်းတွင်တွေ့ရသည့် တောင်ပိုင်းတိုင်းတိုင်းမှူး ဗိုလ်မှူးချုပ်ကြည်သိုက်
#တောင်ငူ #လေတပ်စခန်း #တိုက်ခိုက်ခံရ #သေဆုံး #စစ်ကောင်စီ #Ayeyarwaddy_Times