ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဩဂုတ် ၂၅ ရက်)
တိရစ္ဆာန်ကနေ လူတွေကိုကူးစက်တတ်တဲ့ အသားဝါရောဂါ (လပ်ထိုစဖိုင်ရိုးဇစ်-Leptospirosis) အကြောင်းကို လူသိနည်းကြပါတယ်။
ကမ္ဘာပေါ်မှာ တိရစ္ဆာန်ကနေလူကို ကူးစက်မှု အများဆုံး ရောဂါ ဖြစ်ပါတယ်။ အဏုကြည့်မှန်ဘီလူးနဲ့ ကြည့်ရင် စပရိန်လိုခွေခွေလေးပုံစံရှိတဲ့ Leptospira ဘတ်တီးရီး ယားပိုးက ကူးစက်ရောဂါကိုဖြစ်စေတာပါ။ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားတဲ့နေရာတိုင်းမှာ ဒီရောဂါ ဖြစ်ပါတယ်ဆိုပြီး ဆေးပညာတွေ့ရှိချက်တွေ ထုတ်ပြန်ထားပါတယ်။
ကမ္ဘာ့အပူပိုင်းဇုန်ဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း တိရစ္ဆာန်ကတစ်ဆင့်လူကို ကူးစက်စေတဲ့ ကူးစက်မှုတွေတွေ့ရပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆင်းရဲတဲ့ဒေသတွေမှာ အခုလို ရောဂါတွေကူးစက်ပါတယ်။
တိရစ္ဆာန်ကနေလူကို ကူးစက်တတ်တဲ့ အသားဝါရောဂါဟာ ကြွက်တွေကြောင့်လည်း ကူးစက်မှု ဖြစ်တတ်ပြီး ခွေးတွေ၊ ကြောင်တွေ၊ ဝက်တွေနဲ့ နွားတွေကနေလည်း ကူးစက်နိုင်ပါတယ်။
ကြက်၊ ဘဲ၊ ဝက် မွေးမြူရေးလုပ်ဆောင်နေသူတွေနဲ့ လယ်ယာလုပ်ငန်း လုပ် ဆောင်ကြသူတွေမှာ ကြုံရတတ်သလို သဘာ၀ ဘေးအန္တရာယ်ဖြစ်တဲ့ ရေကြီးရေလျှံမှုတွေနဲ့ မုန်တိုင်းတိုက်ခတ်မှုတွေ အပြီးမှာလည်း အစုအပြုံလိုက်ဖြစ်ပွားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ပျော်ပွဲရွှင်ပွဲများ ဘုရားပွဲဈေးတွေ ကျင်းပအ ပြီးမှာ ကြုံတွေ့ရမှုတွေ ရှိတာကြောင့် လယ်သမားရောဂါလို့ တင်စားခေါ်ဝေါ်ကြပါတယ်။
ယခုနှစ်ပိုင်းအတွင်းမှာတော့ မြန်မာနိုင်ငံမှာ လပ်ထိုစဖိုင်ရိုးဇစ် (Leptospirosis) ရောဂါတွေ ပိုပြီးဖြစ်ပေါ် လာနေတယ်လို့ မြေပြင်မှာရှိတဲ့ ဆရာဝန်တွေကနေတစ်ဆင့် ပြန်လည်ကြားသိနေရပါတယ်။
ရောဂါပိုးရှိနေတဲ့ တိရစ္ဆာန်တွေ့ရဲ့ ဆီးနဲ့မစင်တွေ ပျော်ဝင်နေတဲ့ရေဟာ လူ့ခန္ဓာကိုယ် အပွန်းအပဲ့ နေရာလေးတွေ၊ အနာဒဏ်ရာတွေကို ထိတွေမိတဲ့အခါ ရောဂါကူးစက်ပါတယ်။ သောက်မိတဲ့ရေမသန့်ရင်၊ စားမိတဲ့အစာမသန့်ရင် ကူးစက်ပါတယ်။ သို့ပေမယ့် လူလူချင်းကူးစက်တာမျိုးတော့ မရှိပါဘူး။ သွေးထဲကို လပ်ထိုစဖိုင်ရိုးဇစ် ရောဂါပိုး ဝင်ရောက်တဲ့အဆင့်ကနေ နောက်ဆုံး ဦးနှောက်အမြှေး ရောင်ခြင်းအပြင် ကိုယ်တွင်းအင်္ဂါများထိခိုက်ပျက်စီးခြင်း ( Weil’s disease) အထိဖြစ်စေပြီး အသက် သေဆုံးနိုင်ပါတယ်။
#ရောဂါလက္ခဏာများ
လပ်ထိုစဖိုင်ရိုးဇစ်ရဲ့ ရောဂါလက္ခဏာတွေကတော့ ချမ်းတုန်ဖျားနာခြင်း၊ အရေ ပြားနဲ့ မျက်လုံး တွေဝါ ထိန်လာခြင်း၊ ချောင်းဆိုးခြင်း၊ ကိုကာကိုလာအရောင်ကဲ့သို့ ဆီးသွားခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းလျှော ခြင်း၊ ပျို့အန်ခြင်း၊ ခန္ဓာကိုယ်တွင်းအနီစက်တွေပေါ်လာခြင်း၊ မျက်လုံးယားယံခြင်း၊ မျက်လုံးနီရဲခြင်း၊ ကြွက် သားတွေနာကျင်ကိုက်ခဲခြင်းတွေကို ရောဂါကူးစက်ပြီး ၅ ရက်မှ လဝက်အတွင်း ကြုံတွေ့ ရနိုင်ပါတယ်။ တချို့သောလူတွေမှာတော့ တစ်လလောက်ကြာမှ ရောဂါလက္ခဏာပေါ်လာတတ်ပါတယ်။
ဒီရောဂါလက္ခဏာတွေက တဖြည်းဖြည်းသက်သာ ပျောက်ကင်းသွားနိုင်ပေမယ့် ဆိုးဆိုးရွားရွား ခန္ဓာကိုယ် ထိခိုက်သွားတဲ့အခြေနေမှာတော့ ကျောက်ကပ်ပျက်စီးခြင်း၊ အသည်းပျက်စီးခြင်း၊ ဦးနှောက် အမြှေးရောင်ရမ်းခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတွေ ကြုံလာရပါတော့တယ်။
#လပ်ထိုစဖိုင်ရိုးဇစ်အသားဝါရောဂါ(Leptospirosis)
အသည်းကိုထိခိုက်ပျက်စီးသွားတဲ့အခါ သွေးထဲမှာအဝါရောင်ခြယ်တွေ စွန့်ပစ်မှုများတာကြောင့် မျက်လုံးနဲ့အရေပြားတွေကဝါထိန်နေပါလိမ့်မယ်။ တစ်ကိုယ်လုံးမှာရှိတဲ့ကြွက်သားတွေ နာကျင်ကိုက်ခဲ နေပါလိမ့်မယ်။ ဖျားနာတတ်ပါတယ်။ ဗိုက်နာတတ်ပါတယ်။ ပျို့ခြင်းအန်ခြင်း၊ အားအင်မရှိနုံးချိနေခြင်း၊ ရင်တလှပ်လှပ်တုန်ခြင်း၊ အစားစားချင်စိတ်မရှိဘဲပါးစပ်ပျက်နေခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ ဒူးလက်ခြေ နေရာများဖောရောင်ခြင်း၊ ခန္ဓာကိုယ်အလေးချိန်ကျဆင်းခြင်းတွေပါ ယှဉ်တွဲခံစားရတတ်ပါတယ်။
ဖြစ်ခါစမှာ လူနာခံစားနေရတာတွေကို ကြည့်ပြီး လပ်ထိုစဖိုင်ရိုးဇစ်အသားဝါ ရောဂါမှန်း မသိကြဘဲ ပုံမှန် ဖျားနာခြင်းလို့သာထင်မြင်ယူဆတတ်ကြပါတယ်။ သွေးစစ် ဆီးစစ်ရောဂါရှာဖွေတဲ့အခါမှာ ဘတ်တီးရီး ယားပိုးဝင်ခြင်း အဖြေတွေကိုသာ တွေ့ရှိနိုင်ပါတယ်။ ရောဂါ အတိအကျ စစ်ဆေးဖို့အတွက် သွေးကို (Microscopic Agglutination Test -MAT)စစ်ဆေးနိုင်သလို ဆေးစစ်တံအချောင်ကလေး( leptospirosis DNA-PCR test) ဖြင့် သွေးဖောက်ကာအမြန်စစ်ဆေးနိုင်ပါတယ်။
#ဆေးကုသမှု
ဖျားနာခြင်းကိုက်ခဲခြင်းများအတွက် အဖျားကျဆေး ( Paracetamol)ပါရာစီတမော တိုက်ခြင်း ရေပက်တိုက်ခြင်း ရေပတ်အဝတ်တင်ခြင်းတို့ဖြင့် ပြုစုကြသရပါမယ်။
မပြင်းထန်တဲ့ လပ်ထိုစဖိုင်ရိုးဇစ်-အသားဝါရောဂါကို ပိုးသတ်ဆေး (Amoxicillin, Doxycycline) သောက်ဆေးများ ဖြင့်ကုသနိုင်သော်လည်း ရောဂါပြင်းထန်ပါက ဆေးရုံတင်ကာ အချိန်မှန်မှန် (Ceftriaxone) ပိုးသတ် ဆေးထိုးဆေးများဖြင့် ကုသဖို့လိုအပ်ပါတယ်။ ကိုယ်တွင်းအင်္ဂါအစိတ် အပိုင်းဖြစ်ကြတဲ့ အသည်းကျောက်ကပ်နှင့် ဦးနှောက်အမြှေးပါးများထိခိုက်ပြီဆိုပါက အထူးကြပ်မတ် ကုသဆောင်အထိ ပို့ပြီး အသက်ရှူစက်တပ်ပေးရသည်အထိ ပြင်းထန်ဆိုးရွားတတ်ပါတယ်။
ကျောက်ကပ်ထိခိုက်ပျက်စီးပါက ကျောက်ကပ်ဆေးစက်ကြီးများဖြင့် အရေးပေါ်ကုသပေးရမှာ ဖြစ်ပါ တယ်။ အခြေအနေအလွန်ဆိုးရွားပါက သွေးရည် ကြည် လဲလှယ်ပြီး ကုသရတဲ့ ကုသမှုမျိုးများအထိပင် ရှိနိုင်တာကြောင့် ပေါ့ဆမနေဘဲ ဖျားနာခြင်း၊ အသားဝါခြင်းတွေကို တိုင်ပင်ဆွေးနွေးကြဖို့လိုပါတယ်။
ကျန်းမာရေးစနစ်ပြိုလဲခြင်းနှင့်အတူ အသက်အန္တရာယ်ကို ဖြစ်လာစေနိုင်သော ရောဂါများကိုလည်း ရင်ဆိုင်အံတုကျော်လွှားရမှာဖြစ်တာကြောင့် ဗဟုသုတရစေရန် ကျန်းမာရေးအသိပညာတွေ မျှဝေပေး လိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ တိုက်ပွဲတွေမှာ ရှုံးနိမ့်လာနေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေဟာ ပြန့်ကျဲ စွန့်ပစ်ခြင်း ခံထားရတာကို တွေ့နေရပါတယ်။
ဒါကြောင့် နောက် တစ်ပတ်မှာတော့ ကျန်းမာရေးနှင့်အညီ စနစ်တကျ စွန့်ပစ် သင်္ဂြိုဟ်ခြင်း နှင့် လူသေကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာများကို အများပြည်သူများ သိရှိနိုင်ရန် တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် ဧရာဝတီတိုင်းမ် စာဖတ်ပရိသတ်များ စောင့်မျှော်အားပေးကြပါဦးခင်ဗျာ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #တိရစ္ဆာန်ကတစ်ဆင့် #လူကိုကူးစက်စေတဲ့အသားဝါရောဂါ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)