ဧရာဝတီတိုင်းမ်
(လက်ပံတန်း)၊ ဩဂုတ် ၂၅ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာအနီးတွင် ယမန်နေ့ ဩဂုတ် ၂၄ ရက်‌နေ့က စစ်ကြောင်း ထိုးလာသည့်စစ် ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်‌ရေးဝန်ကြီးဌာနထံက သိရသည်။

အင်အား ၁၀၀ ကျော်ပါဝင်သည့် စစ်တပ်မှာ ပဲခူးရိုးမအတွင်း စစ်ကြောင်း ထိုးလာစဉ် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်သား ၂၀ ဦးဝန်ကျင် သေဆုံးကာ ၁၀ ဦး အရှင် ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

“အခုမိတဲ့သူတွေက ရဲတွေလို့ လက်နက်ချတဲ့သူ တွေဆီကသိရတယ်။ ပြည်ရဲသင်တန်း ကျောင်းကနေ သင်တန်းဆင်းလာပြီး မင်းလှ ထွေအုပ်မှာ တစ်ညနေပြီး ရိုးမပေါ်တက်လာကြတာ။ သူတို့ခေါင်း ဆောင် စစ်တပ်ဗိုလ်ကြီးက အရင်ဆုံး တိုက်ပွဲကျတာ။ ပြည်သူတွေက မြို့သိမ်းပြီဆိုပြီး တစ် ဈေးလုံးပိတ် ပြေး သွားတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ် ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဘက်မှ အင်အားအများအပြားစု ‌‌‌‌ကာ စစ်ကြောင်းထိုးရန် စီစဉ် နေသည့်အတွက် တိုက်ပွဲထပ်မံဖြစ်ပွားလာနိုင်ကြောင်းတော်လှန်းရေးတပ်ဖွဲ့ဝင်များက သုံးသပ်ထား သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ G-3 လက်နက် ၁၉ လက်၊ G-4 သေနတ် တစ် လက်၊ ၄၀ မမ နှစ် လက်၊ MA-1 တစ် လက်၊ MA-3 နှစ်လက်၊ MA-12 တစ် လက်၊ MA-2 (MK-11) တစ်လက်၊ ပစ္စတို MA-5 တစ် လက်၊ ကျည်တောင့် မျိုးစုံ ၂၀၀၀ ကျော်၊ ကျည်ဘောက်မျိုးစုံ ၆၅ ခု၊ ငွေသား ၂၅ သိန်းကျော် နှင့် ဖုန်း ရှစ် လုံး တို့ကိုသိမ်းဆည်းရမိခဲ့ ကြောင်းလည်း သိရသည်။

အဆိုပါတိုက်ပွဲကို သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၂၊ ၃၊ ၅၊ ၆(သာယာဝတီဂဠုန်တပ်ဖွဲ့)၊ တပ်ခွဲ၆ (ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တပ်ရင်း (၃၈၀၃) တို့က ကြားဖြတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့
#လက်ပံတန်း #တိုက်ပွဲ #စစ်ကောင်စီသေဆုံး #အရှင်ဖမ်းမိ #PDF #Ayeyarwaddy_Times