ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၅ရက်

ရခိုင်ပြည်နယ်ရှိ မောင်တောမြို့တွင် မြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် (AA)က ဆင်နွှဲနေပြီး မကြာမီတွင် မောင်တောမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ လက်ကျန်မြို့များအနက် မောင်တောမြို့ နှင့် ကျိန္တလီမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများကို AA က တစ်ခုမကျန်ထိုးစစ်ဆင်တိုက်ခိုက်၍ အပြီးသတ် သိမ်းပိုက် ရယူနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး မောင်တော နှင့် ကျိန္တလီ မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေခြင်းဖြစ်‌ကြောင်း ယမန်နေ့ ဩဂုတ် ၂၄ရက်နေ့တွင် AA က ထုတ်ပြန်သည်။

မောင်တောမြို့သိမ်းတိုက်ပွဲသည် နှစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည့်အလျောက် မောင်တောမြို့အတွင်း ခံစစ်ပြင်ဆင်ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသင်တန်းဆင်းပြီး လက်နက်တပ်ဆင် ပေးထားသည့် အကြမ်းဖက် မူဆလင်လက်နက်ကိုင်အဖွဲ့များအပြင် ARSA၊ RSO၊ ARA အကြမ်းဖက်တပ်ဖွဲ့ဝင်များသည် အာရက္ခတပ်တော်၏ ထိုးစစ်အောက်တွင် အထိအခိုက်၊ အကျအဆုံး များနှင့်အတူ ကစဉ့်ကလျားထွက်ပြေးခြင်း၊ လက်နက်ချအညံ့ခံခြင်းများကို ဆက်တိုက် ပြုလုပ်လာကြောင်းသိရသည်။

ထို့ကြောင့် မောင်တောမြို့သည် အာရက္ခတပ်တော်၏ အလုံးစုံထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာမည့် မြို့တစ်မြို့ဖြစ်လာတော့မည်ဖြစ်သည်ဟု AAက ဆိုထားသည်။

AA သည် မောင်တောမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ဩဂုတ် ၄ ရက်နေ့တွင် စတင်ခဲ့သော်လည်း မောင်တောမြို့ပတ်ဝန်းကျင်ရှိ စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိရန်အတွက် ကြိုးပမ်းခဲ့သည်မှာ သုံးလခန့် ကြာမြင့်ခဲ့ပြီဖြစ်‌ကြောင်း သိရသည်။

မောင်တောမြို့သိမ်းတိုက်ပွဲစတင်ပြီး ရက်ပေါင်း ၂၀ ကြာ အတောအတွင်း မောင်တောမြို့အတွင်းမှ စစ်ကောင်စီ နှင့် အပေါင်းအပါများ၏ ခံစစ်နေရာများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားပြီးဖြစ်ကာ အနည်းငယ်မျှသာကျန်ရှိသည့် ခံစစ်နေရာများအားလုံးကို တစ်ခုမကျန် ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိသည့်အတွက် မြို့သိမ်းတိုက်ပွဲမှာ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် မောင်တောမြို့ကိုလက်လွှတ်ရန် သေချာနေပြီဖြစ်သောကြောင့် မောင်တောမြို့ အတွင်းရှိ လူနေအိမ်၊ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ပြီး တိုက်ပွဲများအတွင်းမှ ရသည့်နည်းလမ်းဖြင့် ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း AAက ဆိုထားသည်။

ထို့ကြောင့် AA အနေဖြင့် စစ်ကောင်စီဘက်မှ ထွက်ပြေးနေသူများအပါအဝင် ခုခံစစ်ဆင်နွှဲနေသော သူများ ကို လိုက်လံချေမှုန်းလျက်ရှိကြောင်း သိရသည်။

မောင်တောမြို့နှင့် အနီးဝန်းကျင်နေရာများသို့ ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များ၊ စစ်ကောင်စီသင်တန်းဆင်း မူဆလင်လက်နက်ကိုင်များ၊ ARA၊ ARSA၊ RSO အစွန်းရောက် လက်နက်ကိုင်မူဆလင်များကို ယခုရက်သတ္တပတ်များအတွင်း နေ့စဉ်ဖမ်းဆီးရမိလျက် ရှိကာ ၎င်းတို့၏ အလောင်းများနှင့်အတူ စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းများကို ဆက်တိုက်သိမ်းဆည်း ရမိခဲ့သည်ဟု AAက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ-AA Info Desk
#မောင်တော #ကျိန္တလီ #စစ်ကောင်စီစခန်းများ #AA #မြို့သိမ်းတိုက်ပွဲဆင်နွှဲ #Ayeyarwaddy_Times