ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၅ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ စစ်ကောင်စီ၏ မောင်ရွှေလေး ရေတပ်ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။

သံတွဲမြို့နှင့်ကပ်လျက်ရှိသော ကျိန္တလီ၊ မောင်ရွှေလေး၊ ကွင်းဝိုင်း အစရှိသော နေရာများတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း ယမန်နေ့ ဩဂုတ် ၂၄ရက်နေ့တွင် AAက ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲနေရာများ၌ စစ်ကောင်စီဘက်မှ ကြည်း၊ ရေ၊ လေ စုပေါင်းကာ ပြန်လည်ခုခံလျက်ရှိသောကြောင့် နေစဥ်နှင့်အမျှ တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

“အခုက တိုက်ပွဲမရှိတာဆိုလို့ မာန်အောင်ပဲကျန်မယ်။ မောင်တောလည်း သိမ်းနိုင်သလောက်ဖြစ်နေပြီ။ သံတွဲလည်း မောင်ရွှေလေးပဲကျန်မယ်။ မောင်ရွှေလေးက တိုက်ပွဲမရပ်ဘူး။ ပြင်းထန်တာနဲ့ မပြင်းထန်တာပဲကွာတယ်” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

AA သည်သံတွဲရှိ မောင်ရွှေလေးရေတပ်ကို ပြီးခဲ့သည့် ဇူလိုင် ၂၃ရက်နေ့က စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့အထိ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

AA သည် သံတွဲမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ဧပြီ ၁၃ရက်နေ့တွင် စတင်ဆင်နွှဲခဲပြီး သံတွဲအခြေစိုက် ခမရ ၅၆၆၊ ခလရ၅၅တို့ကို အပြီးသတ်သိမ်းယူနိုင်ခဲ့ကာ သံတွဲလေဆိပ်နှင့် သံတွဲမြို့ကိုပါ ထိန်းချုပ်နိုင်ခဲ့သည်။

သံတွဲမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မောင်ရွှေလေးရေတပ်၊ ဇလွန်ရွာနှင့် ဂျိတ္တောတို့တွင် သွားရောက် ပူးပေါင်းကာ ခံစစ်ပြင် ပြန်လည် တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

ငပလီရှိ ဂျိတ္တောတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲဝင်များသည်လည်း စုဖွဲ့ထွက်ပြေးသူများ၊ လက်နက်ချအညံ့ခံသူများနှင့် တပ်တွင်း ရန်ဖြစ်ကာမညီညွတ်မှုများကြောင်း အင်အားနည်းပါးလာ၍ ဂျိတ္တောတွင် တပ်စွဲထားသည့်စခန်းကို AAက သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

အာရက္ခတပ်တော်အနေဖြင့် ယခင်စစ်ရေးရည်မှန်းချက်အတိုင်း အာရက္ခဒေသအတွင်း လက်ကျန်မြို့များကို မြို့သိမ်းတိုက်ပွဲဆင်နွှဲရင်း လက်နက်ချအညံ့မခံဘဲ မိမိတို့အား ခုခံနေသည့် ရန်သူ့စခန်းတိုင်း ဆက်လက်ချေမှုန်းသွားမည်ဖြစ်သည်ဟု AAက ဆိုထားသည်။

#သံတွဲ #စစ်ကောင်စီ #မောင်ရွှေလေးရေတပ် #AA #ထိုးစစ်ဆင် #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times