ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၂ ရက်

စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဗိုလ်လောင်းလျှောက်လွှာခေါ်ယူထားပြီး ဩဂုတ်လ နောက်ဆုံးပတ်အတွင်း ဆိုင်ရာဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲများကို ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက မြန်မာတစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်းအသီးသီး၏ မြို့ကြီး ၁၂ မြို့တွင် ဗိုလ်လောင်း ဝင်ခွင့် စာမေးပွဲများ ကို စစ်ဆေးသွားမည်ဖြစ်သော်လည်း စစ်ရေးပြင်းထန်နေသည့် ရခိုင်နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) မရှိတော့သည့် ရှမ်းမြောက် တို့တွင် ဝင်ခွင့်စာမေးပွဲ မကျင်းပနိုင် ကြောင်း တွေ့ရသည်။

ရန်ကုန်အပါအဝင် မြို့ကြီး ၁၂ မြို့၏ တိုင်းစစ်ဌာန ချုပ်များနှင့် စစ်‌ကြောရေးဌာနများတွင် ဗိုလ်လောင်း လျှောက်လွှာများကို လက်ခံကာ ဝင်ခွင့်စာမေးပွဲများ ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။

နယ်မြေများရှုံးနိမ့်၍ စစ်ရေးအပြင်းအထန်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်နှင့် ရှမ်းမြောက်ရှိ မြို့နယ်များ စာရင်းမှာမူ စစ်ကောင်စီ လက်ခံကျင်းပမည့် ဝင်ခွင့် စာမေးပွဲဖြေဆိုရန် သတ်မှတ်သည့်စာရင်းတွင် ပါဝင်ခြင်းမရှိပေ။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေတိုင်း လိုလိုတွင် စစ်ရှုံးနေကာ တပ်သားလိုအပ်ချက် များပြားနေသည့်အတွက် ပြည်သူ့စစ်ခေါ်ယူခြင်း၊ တစ်နိုင်ငံလုံး စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် တပ်သားသစ်များကို ဖိအားပေးခေါ်ယူခြင်းများ ပြုလုပ်နေသည့်အပြင် ယခုအခါတွင် ဗိုလ်လောင်း သင်တန်းများကို ခေါ်ယူလာခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ဗိုလ်လောင်းဝင်ခွင့် သင်တန်းလျှောက်လွှာများ ခေါ်ယူရာတွင် လျှောက်ထားသူ နည်းပါးနေသည်အတွက် မူလသတ်မှတ်ထားသည့် စည်းကမ်းဥပဒေများ လျော့ပေါ့ပြီး အသက်အပိုင်း အခြားကိုလည်း ၂၀ နှစ် အထိ တိုးမြှင့်ခေါ်ယူခဲ့သည်ကို တွေ့ရသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသည့် နေပြည်တော်၊ မြစ်ကြီးနား၊ တောင်ကြီး၊ ခိုလမ်၊ ကျိုင်းတုံ၊ မော်လမြိုင်၊ မြိတ်၊ ရန်ကုန်၊ ပုသိမ်၊ မုံရွာ၊ မန္တလေး၊ တောင်ငူမြို့တို့တွင် ဗိုလ်လောင်းဝင်ခွင့် စာမေးပွဲကို ကျင်းပပေးမည်ဟု ထုတ်ပြန်ထားပြီး ခိုင်ဒေသရှိ မြို့များနှင့် ရှမ်းမြောက်ရှိ မြို့များကို ချန်လှပ်ထားသည့်အတွက် ၎င်းတို့နယ်မြေစိုးမိုးမှု လုံးဝမရှိတော့ကြောင်း တွေ့ရသည်။

စစ်ကောင်စီက ယခုခေါ်ယူသည့် ၂၀၂၄-၂၅ ပညာ သင်နှစ်အတွက် ဗိုလ်လောင်းဝင်ခွင့်ကြေညာချက်ကို ပြီးခဲ့သည့် ဇွန်လကလည်း ၎င်းတို့လက်အောက်ခံ သတင်းစာများတွင် ထည့်သွင်းကြေညာခဲ့ပြီး လျှောက်ထားသူ နည်းပါးနေသည့်အတွက် ယခုဩဂုတ်လတွင် နောက်ထပ်တကြိမ် ထပ်မံကြေညာ၍ ခေါ်ယူနေခြင်းဖြစ်သည်။

#စစ်ကောင်စီ #ဗိုလ်လောင်းသင်တန်း #လျှောက်လွှာ #ဝင်ခွင့်စာမေးပွဲ #ရခိုင်ရှမ်းမြောက် #မပါဝင် #Ayeyarwaddy_Times