
ဧရာဝတီတိုင်းမ်
(ဖြူး)၊ ဩဂုတ် ၂၁ ရက်
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ လိပ်ပေါကျေးရွာ နှင့် စက်ကုန်းကျေးရွာတွင် ပြီးခဲ့သည့် ဩဂုတ် ၁၉ နှင့် ၂၀ ရက်နေ့များက စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံးပြီး ကိုး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်နေ့တွင် လိပ်ပေါကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင် စီစစ်ကြောင်း နှင့် ၎င်းတို့ တပ်စွဲထားရာ နေရာများသို့ ဒရုန်းဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် တပ်သား ခုနစ် ဦး သေဆုံးခဲ့ပြီး လေး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒီတစ်လော ရက်သတ္တပတ်အတွင်းမှာ ဖြူးက ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုး ထားတဲ့နေရာကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ကနဦးအင်အား ၂၀၀ ကျော် စစ်ကြောင်း ထိုးလာတယ်။ အဓိကကတော့ PDF စိုးမိုးနယ်မြေကို စတင်ပြီးထိလာတဲ့သဘောပေါ့နော်။ ကျွန်တော်တို့ အနေနဲ့ကလည်း ကိုယ့်နယ်မြေကို ကာကွယ်ဖို့အတွက်ရော၊ နောက်သူတို့ကဒီဘက်ကို နယ်မြေလိုချင်တဲ့ အတွက် ထပ်တိုးလာရင်ပိုပြီးတော့ တိုက်ပွဲဖြစ်ပွားလာနိုင်တယ်” ဟု တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ ပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ယမန်နေ့ ဩဂုတ် ၂၀ ရက်နေ့ကလည်း စက်ကုန်းကျေးရွာဘက်သို့ ထပ်မံစစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့ပြီး ငါး ဦး ဒဏ်ရာရရှိကာ လိပ်ပေါရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်ခြင်းမရှိဘဲ တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရာတွင် ကပစကျည် ၅.၅၆ ကျည် ၁၉၅ တောင့်၊ လွယ်အိတ် နှစ် လုံး နှင့် ဆေးပစ္စည်းအချို့တို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက ဖြူးမြို့နယ်ရှိ တော်လှန်ရေးစိုးမိုးနယ်မြေများကို ပြန်လည်ရရှိရန် ကြိုးပမ်းနေသည့် အတွက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့ကလည်း ညောင်ကာ ယားကျေးရွာနှင့် စစ်ကောင်စီ ခမရ-၃၀၆ကြား ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ရထားကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရထားတိမ်း မှောက်ခဲ့ကြောင်း သိရသည်။
ယခုတိုက်ခိုက်မှုများကို ဖြူး(ပကဖ)မဟာမိတ်အဖွဲ့၊ စစ်ကြောင်း(၁) Drone Team အဖွဲ့၊ တောင်ပိုင်း စစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲရှိ ရိုးမ (၁) စစ်ကြောင်း၊ PDO ပူးပေါင်းအဖွဲ့ တို့ မှ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – တောင်ပိုင်းစစ်ဒေသ
#ဖြူး #တိုက်ပွဲ #စစ်ကောင်စီစစ်ကြောင်းထိုး #စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံး #PDF #Ayeyarwaddy_Times