
ဧရာ၀တီတိုင်းမ်
သြဂုတ် ၂၀ ရက်
ဧရာဝတီတိုင်း ၊ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ ဘဝသစ်ကျေးရွာအုပ်စုတွင် စစ်ကောင်စီခန့် ကျေးရွာတာ၀န်ခံက ၎င်းနှင့် အဆင်မပြေသည့် အသက်ပြည့်ပြီး လူငယ်များကိုပြည်သူ့စစ်မှုထမ်းဆောင်ရန် အဓမ္မခေါ်ယူနေကြောင်း ဒေသခံများထံကသိရသည်။
အမာမြို့နယ်ခွဲ၊ ဘဝသစ်ကျးရွာအုပ်စု၊ အရှေ့ဖျားကျေးရွာကျေး စစ်ကောင်စီခန့် ကျေးရွာတာဝန်ခံ ဦးယုလွင်မှ ၎င်းနှင့်ပုဂ္ဂိုလ်ရေးအဆင်မပြေသည့် ကိုခိုင်လင်းအောင်ကို စစ်မှုထမ်းရမည်ဟုဆိုကာ လာရောက်ခေါ်ဆောင်ခဲ့သော်လည်း ကိုခိုင်လင်းအောင်မှာ စစ်မှုထမ်းဆောင်ရန် ဆန္ဒမရှိသည့်အတွက် ထွက်ပြေးတိမ်းနေရကြောင်း ဒေသခံများကပြောသည်။
“ပုဂ္ဂိုလ်ရေးပြသနာရှိတဲ့သူတွေဆိုရင် စစ်မှုထမ်းဖို့လုပ်တယ် နောက်ပြီး NLD ထောက်ခံတဲ့သူတွေလည်း ပစ်မှတ်ထားပြီး စစ်မှုထမ်းဖို့လုပ်ဆောင်တယ်။ လူငယ်လူရွယ်တွေ အခုဆို ကျေးရွာတွေမှာ မနေနိုင်တော့ပဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ သူမုန်းတဲ့သူဆိုရင် မတရားသဖြင့်အကုန်လုပ်နေတာ”ဟု ဘဝသစ်ကျးရွာအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် ကိုခိုင်လင်းအောင် ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် ၎င်၏အစ်ကို ဖြစ်သူ ကိုဇော်လင်းအောင်ကို စစ်မှုထမ်းရန် စစ်ကောင်စီတပ်နှင့်စစ်ကောင်စီခန့် ကျေးရွာတာဝန်ခံက လာခေါ်သည့်အတွက် အစ်ကိုဖြစ်သူ ကိုဇော်လင်းအောင်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
ဘဝသစ်ကျးရွာအုပ်စု၊ အရှေ့ဖျားကျေးရွာကျေးတွင် ယခုသြဂုတ်လအတွင်း ပြည်သူ့စစ်မှုထမ်း နှစ်ယောက်ပေးရမည်ဖြစ်ပြီး လူငယ်များမှာ စစ်မှုထမ်းလိုစိတ်မရှိသဖြင့် အသက်ပြည့်ပြီး လူငယ်တစ်ဦးလျှင် နှစ်ဆယ့်ငါးသိန်းကျပ် စစ်ကောင်စီခန့် ကျေးရွာတာဝန်ခံ ဦးယုလွင်ထံ ပေးဆောင်ရမည်ဟု ဒေသခံများကပြောဆိုသည်။
ထို့ပြင် အရှေ့ဖျားကျေးရွာကျေးတွင် ကျေးရွာတာဝန်ခံ ဦးယုလွင်သည် ကျေးရွာသူ၊ ကျေးရွာသားများအား ည/နံနက်ကင်းစာင့်ခိုင်းပြီး ကင်းမစောင့်နိုင်သည့် နေအိမ်များကို တစ်သောင်းကျပ်အထိ တောင်းယူကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်နေ့ကလည်း အရှေ့ဖျားကျေးရွာ သုံးရပ်ကွက်ရှိ ဦးသန်းတင်နှင့် ဒေါ်အေးဝင်း၏ သား မောင်တင်အောင်မျိုးကိုလည်း စစ်မှုထမ်းရန်လာရောက်ခေါ်ဆောင်ချိန်တွင် သားဖြစ်သူကထွက်ပြေးတိမ်းရှောင်နေသဖြင့် မိခင်ဖြစ်သူကိုဖမ်းဆီးခဲ့ပြီးနောက် သားဖြစ်သူကို ဖမ်းဆီးမိ၍ မိခင်ဖြစ်သူကိုပြန်လွှတ်ပေးလိုက်ကြောင်းသိရသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ၎င်းတို့၏ သားသမီးများကို အမှတ်စဥ် (၁) ၊ အမှတ်စဥ်(၂) အမှတ်စဥ် (၃) အမှတ်စဥ် (၄) တို့တွင် စစ်မှုထမ်းဆောင်ရန်ချန်လှပ်ထားပြီး ၎င်းတို့နှင့် ပြေလည်ခြင်းမရှိသူ၊ ငွေကြေးမပြည့်စုံသူ အများစုကိုသာ စစ်မှုထမ်းဆောင်ရန် စာရင်းများပေးသွင်းလေ့ရှိကြောင်း စုံစမ်းသိရှိရသည်။
စစ်ကောင်စီတပ်သည် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို သင်တန်ဆင်းလျှင် စစ်မမတိုက်ခိုင်းဘဲ ဂိတ်စောင့်၊ နယ်မြေလုံခြုံရေးတာဝန်းများသာ ထမ်းဆောင်ခိုင်းမည်ဟုပြောဆိုသော်လည်း အမှန်တကယ်တွင် တပ်အင်အားလိုနေသည့် ရှေ့တန်းသို့ပို့ဆောင်လျက်ရှိကြောင်းသိရသည်။
စစ်ကောင်စီသည် ၎င်းတို့တပ်များတွင် စစ်မှုထမ်းဆောင်ရန်အတွက် နည်မျိုးစုံဖြင့် လူငယ်များကို စုဆောင်းလျှက်ရှိပြီး
ပြည်သူ့ စစ်မှုထမ်း အမှတ်စဥ် (၄) ကို ဇူလိုင်လနောက်ဆုံးပတ်က ဖွင့်လှစ်ခဲ့ကာ ယခုသြဂုတ်လတွင် စတင်သင်တန်းပေးနေပြီး အမှတ်စဥ် ၅ ကိုလည်း ထပ်မံခေါ်ယူရန်ပြင်ဆင်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။
ဓာတ်ပုံ-ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ လေ့ကျင့်ပေးနေစဥ်
#ဖျာပုံမြို့ #ကျေးရွာတာ၀န်ခံက #၎င်းနှင့်အဆင် #လူငယ်များကို #ပြည်သူ့စစ်မှုထမ်းရန် #အဓမ္မခေါ်ယူ
#Ayeyarwaddy_Times