ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်

ဧရာ၀တီတိုင်း၊ ပန်းတနော်မြို့နယ် ၊ မြေနုကျေးရွာတွင် သြဂုတ်လ ၁၅ရက်နေ့က အုပ်ချုပ်ရေးမှူး ဦးသန့်ဇင် ဆိုသူသေနတ်ဖြင့် အပစ်ခံရကာသေဆုံးပြီးနောက်ပိုင်း စစ်ကောင်စီမှ ကျေးရွာဒေသခံ ၁၁ ဦးကို စွပ်စွဲဖမ်းဆီးထားကြောင်းသိရသည်။

ပန်းတနော်မြို့နယ်အတွင်းရှိ စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့၀င်များက သြဂုတ်လ ၁၆ရက်နေ့မှစတင်ပြီး မြေနုကျေးရွာရှိ အမျိုးသားများကို နေ့စဉ်စွပ်စွဲဖမ်းဆီးနေပြီး ယနေ့အထိပန်းတနော်မြို့မရဲစခန်းတွင် စစ်ဆေးနေဆဲဖြစ်ကြောင်း ဒေသခံများမှပြောသည်။

“သူတို့ဖမ်းသွားတဲ့ သူတွေက သာမန်ကျေးရွာသားတွေချည်းပဲ အုပ်ချုပ်ရေးမှူးက သေနတ်နဲ့အပစ်ခံရတာ ခုဖမ်းခံရတဲ့သူတွေက သေနတ်တောင်မမြင်ဘူးတဲ့ သူတွေပါ။ စွပ်စွဲဖမ်းဆီးပြီး ခုထိလဲ စခန်းမှာ စစ်ဆေးနေတုန်းမိသားစုတွေလဲသွားတွေ့လို့မရဘူး”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

သြဂုတ်လ ၁၅ရက်နေ့ည ၈နာရီခန့်ကကျေးရွာအုပ်ချုပ်ရေးမှူး ဥဦးသန့်ဇင်သည် အင်းထဲမှ အပြန် နားထင်ကိုသေနတ်ဖြင့် နှစ်ချက်
ပစ်ခတ်ခံခဲ့ရ​ပြီး ရွှေလောင်းမြို့ဆေးရုံသို့ အရောက်တွင် သေဆုံးသွားခဲ့ကာ အဆိုပါပစ်ခတ်မှုနှင့်ပတ်သတ်ပြီးပန်းတနော်မြို့နယ်အတွင်းလှုပ်ရှားနေသော တော်လှန်ရေးအင်အားစုများဘက်မှ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

လက်ရှိတွင်စစ်ကောင်စီမှ ကျေးရွာဒေသခံ ၁၁ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး သြဂုတ်လ ၁၈ ရက်နေ့မှ စတင်၍ စစ်ကားအကြီးသုံးစီးဖြင့် ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသည့်အတွက် ပြည်သူများအနေဖြင့် မှားယွင်းစွပ်စွဲဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။

#ပန်းတနော်မြို့နယ် #အုပ်ချုပ်ရေးမှူး #အသတ်ခံရမှု #ဒေသခံ ၁၁ဦး #စွပ်စွဲဖမ်းဆီး #Ayeyarwaddy_Times