ဧရာဝတီတိုင်းမ်
(ငါန်းဇွန်)၊ ဩဂုတ် ၂၀ ရက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးစခန်းကို ယမန်နေ့ ဩဂုတ် ၁၉ ရက် နံနက် ၇ နာရီတွင် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံပန်း ခုနစ်ဦးနှင့် လက်နက် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

ငါန်းမြာကြီးရဲစခန်းတွင် ရဲ နှင့် မိသားစုဝင်ပေါင်း ၂၀ ဦးဝန်းကျင်သာရှိပြီး ၎င်းတို့စခန်းတွင်းမှ ရဲတပ်ဖွဲ့ဝင် ခြောက် ဦးဝန်းကျင်ခန့် ထွက်ပြေးသွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက စခန်းသိမ်းတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယခုအခါ ဖမ်းဆီးရမိခဲ့သည့် တပ်ကြပ်ကြီး၊ ဒုတပ်ကြပ်အပါအဝင် ရဲတပ်သားငါးဦး နှင့် အမျိုးသမီးသုံ့ပန်း နှစ် ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးထားပြီး စစ်သုံပန်း ဥပဒေအတိုင်း သက်ဆိုင်ရာသို့ အပ်နှံထားပြီဖြစ်ကြောင်း သိရသည်။

“လက်ရှိ ငါန်းမြာကြီးရဲစခန်းအခြေအနေကတော့ မနေ့က စခန်းသိမ်းထားတဲ့အတိုင်း ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေ မီးရှို့ဖျတ်ဆီးခဲ့တဲ့အတိုင်းပါပဲ။ မနေ့က အင်အား ၇၀ လောက်နဲ့ လာရောက် တာရှိပါတယ်။ ညပိုင်းလောက်မှာ အားလုံးပြန်ထွက်သွားကြတယ်။ စခန်းကိုပြန်ထိုင်တာတော့ မရှိ သေးပါဘူး။ တော်လှန်ရေး အဖွဲ့ဘက်ကနေ အပြည့်အ၀ ထိန်းချုပ်ထားတာတာမျိုးလဲ မဟုတ်ဘူးဗျ။ စကစ (စစ်ကောင်စီ)ဘက်က စစ်ကြောင်းထိုးလာရင်တော့ တိုက်ပွဲပြန်ဖြစ်နိုင်တဲ့ အနေအထားပါ” ဟု မန္တလေးခရိုင် အမှတ်(၅)တပ်ရင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ငါန်းမြာကြီး စခန်းသိမ်းခံရမှု‌ကြောင့် ငါန်းဇွန်မြို့နယ်ရှိ နေရာအချို့တွင် ကင်းပုန်း၀ပ်ကာ ခံစစ်ပြင်ဆင်မှုများရှိနေပြီး တိုက်ပွဲဖြစ်ပွားခဲ့စဥ်ကလည်း လေကြောင်းတိုက်ခိုက်ခြင်း၊ ဆီမီးခုံရေနက်ဆိပ်ကမ်းနှင့် ဆုံပျူရွာကို လက်နက်ကြီးပစ်ကူခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ငါန်းမြာကြီးရဲစခန်းမှနေ၍ လက်နက်စက်ကြီးအမည်မသိ တစ်လက်၊ ကျည် ၅၀၈ တောင့်၊ ကျည်ဘောက် ခြောက် ခု၊ G3 ငါး လက်၊ ကျည် ၃၂၀ တောင့်၊ ကျည်ဘောက် ရှစ် ခု၊ AK ကာဘိုင် တစ် လက်၊ Uzi နှစ်လက် ကျည်ဘောက် တစ်ခု၊‌ ခြောက်လုံးပြူးတစ်လက် နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“ပစ်နေဆဲမှာပဲ ခဏရပ်ပြီး စခန်းထဲမှာရှိတဲ့ ရဲတွေကို ပူးပေါင်းဖို့ တောင်းဆိုပါတယ်။ သူတို့‌အနေနဲ့ လက်ခံခြင်းမရှိလို့ ဆက်လက်တိုက်ပွဲဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီလက်အောက်မှာ တာ၀န်ထမ်း ဆောင်ကြတဲ့ ပုဂ္ဂိုလ်များကိုပြောချင်ပါတယ်။ မတရားမှုတွေနဲ့ ဆက်လက်အသက်မရှင်ကြပါနဲ့။ ပြည်သူ လူထုထောက်ခံအားပေးတဲ့ အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး ပြည်သူ့ဘက်ရပ်တည်‌ပေးကြပါ။ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပေးကြဖို့ တောင်းဆိုချင်ပါတယ်” ဟု မန္တလေးခရိုင် အမှတ်(၅) တပ်ရင်း တာဝန်ရှိသူက ဆက်လက် ပြောသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် မန္တလေးခရိုင် အမှတ်(၅) တပ်ရင်း၊ CDSOM မြောင်ပြည်သူ့ လုံခြုံရေးနှင့်ကာကွယ်ရေးစစ်ကြောင်း၊ မြင်းခြံ Hero Defence Force၊ နောင်ရိုး ပြောက်ကျားတပ်ဖွဲ့၊ ငါန်းနက် ပြောက်ကျားတပ်ဖွဲ့ ပြည်တော်၀င် ပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန် ပကဖ)၊ Myingyan Black Tiger – MBT၊ ငါန်းဇွန် စင်္ကြာမင်း ပြောက်ကျားတပ်ဖွဲ့ တို့မှ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ငါန်းဇွန်းမြို့နယ်အတွင်း စစ်ရေးပြင်းထန်နေပြီး စစ်ကောင်စီစခန်းများကို တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိကာ ရှေ့တန်းထွက် တော်လှန်ရေးရဲဘော်များအတွက် ကျည်ကာဦးထုတ်၊ ကျည်ကာအင်္ကျီကဲ့သို့ ကာကွယ်ရေးစစ်သုံးပစ္စည်းများ အရေးတကြီး လိုအပ်မှုများရှိ‌နေ၍ ပြည်သူများ အနေဖြင့် အကူညီများပေးပါရန် မန္တလေးခရိုင် အမှတ်(၅) တပ်ရင်းက တောင်းဆိုထားသည်။

ဓာတ်ပုံ – ပေးပို့
#ငါန်းဇွန် #ငါန်းမြာရဲစခန်း #စခန်းသိမ်းပိုက် #စစ်သုံ့ပန်း #ဖမ်းဆီးရမိ #Ayeyarwaddy_Times