
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်
စစ်ကောင်စီကမတရားဖမ်းဆီးထောင်ကျထားစဉ် အကျဉ်းထောင်တွင် ပုံမှန်ဆေးကုသခွင့်မရသဖြင့် ထောင်မှလွတ်ပြီး ရက်ပိုင်းအတွင်း ဆေးကုသမှုခံယူနေရင်း နိုင်ငံရေးအကျဥ်းသား မှတ်တမ်းရုပ်ရှင် ဒါရိုက်တာဖေမောင်စိမ်း ကွယ်လွန်သွားကြောင်းသိရသည်။
ဦးဖေမောင်စိမ်း အသက် (၅၀) နှစ်သည် ယမန်နေ့ ဩဂုတ် ၁၉ ရက်နေ့က ရန်ကုန်မြို့ရှိ ဆာကူရာ ဆေးရုံတွင် ကွယ်လွန်သွားခြင်းဖြစ်ပြီး ဩဂုတ် ၂၁ ရက်နေ့တွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ် မည်ဖြစ်ကြောင်း သိရသည်။
ကရင်နီပြည်နယ် ၊ လွိုင်ကော်အကျဉ်းထောင်မှနေ၍ အင်းစိန်ထောင်ရောက်လာချိန်တွင် မှတ်တမ်းရုပ် ရှင်ဒါရိုက်တာဖေမောင်စိမ်း၏ နံရိုးလေးချောင်းမှာ ကျိုးနေပြီး အောက်ပိုင်းသေသလိုဖြစ်ကာ ခါးအရိုးတီဘီရောဂါခံစားနေရကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။
” သူနေမကောင်းဖြစ်နေချိန် ကျန်းမာရေးစောင့်ရှောက်မှုတွေမရဘူး။ အချိန်နှောင်းမှ ကျွန်တော်တို့ ဆီရောက်တဲ့အခါမှာ သူ့ကိုဆုံးရှုံးလိုက်ရတယ်။ အဲ့ဒီအတွက် မိသားစုဝင်အနေနဲ့ မိတ်ဆွေအနေနဲ့ ရုပ်ရှင်လောကအတွက် အင်မတန်မှ နစ်နာရပါတယ်။ ဝမ်းနည်းရပါတယ် ” ဟု မိသားစုနှင့် နီးစပ်သူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဩဂုတ် ၁၆ ရက် နေ့က ပြန်လည်လွတ် မြောက်လာသည့် ဦးဖေမောင်စိမ်းသည် မတရားထောင်ကျနေချိန်တွင် ဆေးကုသမှုမခံယူရသဖြင့် ထောင်မှလွတ်မြောက်ပြီး ဆာကူရာဆေးရုံသို့ ပြောင်းရွှေ့ဆေးကုသမှုခံယူနေရင်း သေဆုံးသွားခြင်း ဖြစ်သည်။
အနုပညာသမားရုပ်ရှင်သမားတစ်ဦးဖြစ်သူ ဦးဖေမောင်စိမ်းသည် ထင်ရှားကျော်ကြားသည့် ကာတွန်း ဦးဖေသိန်း၏ သားဖြစ်ပြီး အနုပညာကိုအင်မတန်တန်ဖိုးထားသူဖြစ်ကာ အနုပညာပြန့်ပွာရေးအတွက် ရုပ်ရှင်ပညာ၊ ဓာတ်ပုံပညာ၊ တည်းဖြတ်ပညာများ သင်ကြားပေးခဲ့သူဖြစ်ကြောင်း ၎င်း၏ မိတ်ဆွေ များထံက သိရသည်။
“သူ(ဖေမောင်စိမ်း) ကိုယ်တိုင်ကြီးကြပ်ပြီးရိုက်ပေးတဲ့ ရုပ်ရှင်ကားတွေအများကြီးရှိတယ်။ သူကိုယ်တိုင်က အောင်မြင်တဲ့ရုပ်ရှင်သမားဖြစ်တယ်။ လူချစ်လူခင်အင်မတန်ပေါတယ်။ သူ့ကို ချစ်ကြတယ်။ စိတ်ရင်းလည်းကောင်းတယ်။ အင်မတန်နူးညံ့သိမ်မွေ့သူဖြစ်တယ်။ ဒီလိုကာလမျိုးမှာ သူက သူရဲ့ Freedom of expression နဲ့ artists right အဲဒီနှစ်ခုကိုပဲကျင့်သုံးသူဖြစ်တယ် ” ဟု ဦးဖေမောင်စိမ်း၏ မိတ်ဆွေတစ်ဦးက ဆိုသည်။
ဦးဖေမောင်စိမ်းရိုက်ကူးခဲ့သည့် နာဂစ်မုန်တိုင်းအကြောင်းမှတ်တမ်း nargis – when time stopped breathing သည် နိုင်ငံတကာဆုများရရှိခဲ့ပြီး သူသည် AV media အပါအဝင် Disc Diary နှင့် Yangon Film School တွင် လုပ်ကိုင်ခဲ့သူဖြစ်သည်။
စစ်ကောင်စီသည် မှတ်တမ်းဒါရိုက်တာဖေမောင်စိမ်းကို ပြီးခဲ့သည့် ၂၀၂၂ ၊ မေလ ၂၈ ရက်နေ့က KNDF အဖွဲ့အစည်းအတွက်စစ်ရေးလှုပ်ရှားမှုအကြောင်းများရိုက်ကူးတည်းဖြတ်ပေးသည်ဟုဆိုကာ ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – ငြိမ်းအေးအိမ်၊ လူမှုကွန်ရက်
#မှတ်တမ်းဒါရိုက်တာ #နိုင်ငံရေးအကျဉ်းသား #ဖေမောင်စိမ်း #ကွယ်လွန် #Ayeyarwaddy_Times