ဧရာဝတီတိုင်းမ်
သြဂုတ် ၂၀ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF)တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ကျေးရွာနေအိမ်များကို မီးရှို့ဖျက်ဆီးကြောင့် CNDF တာဝန်ရှိသူ Salai Timmy Htut ထံက သိရှိရသည်။

ယနေ့ သြဂုတ်လ ၂၀ ရက်နေ့ မနက် ၅ နာရီခန့်တွင် ကလေးမြို့နယ် စက္ကန့်ကျေးရွာမှ စစ်ကားငါးစီးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် CNDF တို့သည် ရှားတောကျေးရွာတွင် တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

“တိုက်ပွဲဖြစ်တာက တစ်နာရီကြာတယ်။ ကျွန်တော်တို့ CNDF တပ်ဖွဲ့ဝင် လေးဦး ဖမ်းဆီးခံရတယ်။ ဒါပေမဲ့ သုံးယောက်က ထွက်ပြေးလွတ်မြောက်သွားတယ်။ တစ်ယောက်က ပျောက်နေသေးတယ်။” ဟု CNDF တာဝန်ရှိသူ Salai Timmy Htut က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲတွင်း စစ်ကောင်စီတပ်က ​ကလေးမြို့မှ လက်နက်ကြီးများ ပစ်ကူပေးကြောင်းနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ရှားတောကျေးရွာနှင့် သုံးအိမ်စုကျေးရွာကို မီးရှို့ဖျက်ဆီး​ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်က ရှားတော၊ သုံးအိမ်စု၊ လက်ပံခုံ၊ လေးအိမ်စု၊ ဆင်တော၊ မြောင်းစုံ၊ စီးစံ စသောကျေးရွာများကို စစ်ကြောင်းထိုးသည့်အတွက် ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများကဆိုသည်။

စစ်ကောင်စီတပ်က ယနေ့ ညနေ ၂ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ ကလေးမြို့နယ် လက်ပံချောင်းကျေးရွာကို ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်း တိုက်ခိုက်မူ ပြုလုပ်သွားကြောင်း သိရှိရသည်။

“ဗုံးသီး နှစ်လုံးနဲ့ ဗုံးလာကြဲသွားတယ်။ ဗုံးကြဲပြီးအပြန် လေယာဥ်ပေါ်ကနေလည်း စက်သေနတ်တွေ ပစ်သွားတယ်။ လူထိခိုက်မူမရှိပေမဲ့ ဘုန်းကြီးကျောင်း ပျက်စီးသွားတယ်။”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ပံချောင်းကျေးရွာသည် စစ်ကောင်စီတပ်က ကလေးမြို့ထဲမှ ရံဖန်ရံခါ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်လေ့ရှိသည့်အတွက် ဒေသခံအများစုသည် မတ်လကတည်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပြီး အနည်းစုသာ ကျန်ရှိသည့်ရွာလည်းဖြစ်သည်။

#ကလေးမြို့နယ် #စစ်ကောင်စီတပ် #CNDF #တိုက်ပွဲဖြစ်
#Ayeyarwaddy_Times