
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်
အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ စစ်ရှုံးနေမှုကို တန်ပြန်ထိန်းချုပ်၍ ကျန်ဒေသများကို ကာကွယ်နိုင်ရေးအတွက် အရပ်ဘက်များ ပါဝင်လာသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ထပ်မံဖွဲ့စည်းလိုက်ကြောင်း သိရသည်။
အဆိုပါအဖွဲ့ကို စစ်ကောင်စီ၏ နယ်စပ်ရေးရာဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ လက်ရှိ ဆင်နွှဲနေသည့် တိုက်ပွဲများနှင့် ကိုက်ညီသော လက်နက်၊ စစ်ပစ္စည်းများ တပ်ဆင်ပေးမည်ဟု ဗိုလ်ချုပ်ကြီးရာထူးတိုးမြှင့်ခံထားရသည့် စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးက လက်မှတ်ရေး ထိုးကာ ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီက ထိုကဲ့သို့ ဖွဲ့စည်းခြင်းမှာ ၎င်းတို့ရှိ တပ်အင်အား တစ်ခုတည်းဖြင့် ကာကွယ်ရန် မလုံလောက်၍ အရပ်သားများ ပါဝင်လာအောင် ကြိုးစားခြင်းဖြစ်ပြီး တန်ပြန်ထိန်းချုပ်နိုင်ရန်အတွက် အရပ်ဘက်နှင့် စစ်ဘက် တွဲဖက်ခြင်းဖြစ်နိုင်ကြောင်း လေ့လာသူများနှင့် CDM အရာရှိများက သုံးသပ်ပြောကြားသည်။
“ရှမ်းမြောက် ဆုံးရှုံးပြီးတော့ အခုက မန္တလေးတိုင်းအထိ နွေဦးတော်လှန်ရေး အင်အားစုတွေ လှုပ်ရှား လာတဲ့အခါမှာ သူတပ်အင်အား တစ်ခုတည်းနဲ့ ကာကွယ်ဖို့ မလုံလောက်တဲ့အတွက် ပြည်သူမှန်သမျှ ပါဝင်လာဖို့အတွက် ကြိုးစားအားထုတ်တဲ့အနေနဲ့ အဲဒီအဖွဲ့အစည်းကို ဖွဲ့တာပါ” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
သို့သော် ယခုကဲ့သို့ ဖွဲ့စည်းဆောင်ရွက်ခြင်းသည် စစ်ကောင်စီအတွက် ပို၍အန္တရာယ်များကာ စစ်ပွဲအရှိန်အဟုန်လည်း ပိုမိုကြီးထွားလာမည်ဟု ယေဘုယျ သုံးသပ်၍ရကြောင်း ဦးသန်းစိုးနိုင်က ဆက်လက်ပြောသည်။
ယင်းအဖွဲ့တွင် ကာကွယ်ရေး ဒုဝန်ကြီးနှင့် ပြည်ထဲရေး ဒုဝန်ကြီးတို့က ဒုဥက္ကဋ္ဌ (၁)၊ (၂)အဖြစ် တာဝန် ယူထားပြီး တွဲဖက်စစ်ရေးချုပ်၊ တွဲဖက်စစ်ထောက်ချုပ်၊ ဒုတိုင်းမှူးများ၊ တိုင်း/ပြည်နယ်ရှိ လုံခြုံရေး ဝန်ကြီးများ၊ ရဲချုပ် (ရဲတပ်ဖွဲ့)၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ထွေအုပ်၊ မီးသတ် စသည့်အဖွဲ့ဝင် ၁၄ ဦး ပါဝင်ကြောင်း သိရသည်။
ထို့အပြင် နေပြည်တော်၊ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအဆင့် အဖွဲ့များ ဖွဲ့စည်းပြီး ဆင်နွှဲနေသည့် တိုက်ပွဲများနှင့် ကိုက်ညီသော လက်နက်၊ စစ်ပစ္စည်းများ တပ်ဆင်ပေးခြင်း၊ စားနပ်ရိက္ခာ ပြည့်တင်းပေးနိုင်ရေးအပြင် ထိရောက်စွာ တိုက်ပွဲဝင်နိုင်ရေး အခြေအနေနှင့် ကိုက်ညီသော နည်းဗျူ ဟာများ လေ့ကျင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အဓိကကတော့ ပျူစောထီးလို အဖွဲ့တွေနဲ့ နဂိုကတည်းက ဒါတွေက လုပ်လက်စဥစ္စာ။ သို့ပေမယ့် အခုဟာက ဖွဲ့စည်းပုံ ပိုပါလာတာပေါ့။ ပြောရရင် သူတို့ လက်ရှိလိုအပ်နေတဲ့ စစ်အင်အားကို သူတို့ အသုံးချလို့ရတဲ့၊ ယန္တရားထဲမှာ အထောက်အကူဖြစ်နေတဲ့ လူအားလုံးကို ဆွဲထည့်လိုက်တာပဲ” ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းအပြင် တပ်ဖွဲ့ဝင်များအား နယ်မြေလုံခြုံရေးနှင့် ကာကွယ်ရေး၊ စစ်မြေပြင်တာဝန်၊ ရှေ့တန်း စစ်ဆင်ရေး နယ်မြေများအတွက် ထောက်ပံ့ရေး၊ ဆက်သွယ်ရေးနှင့် ဒဏ်ရာရလူနာများ ကယ်ဆယ်ရေး တာဝန်များ၊ ပြုန်းတီးအင်အားများ ဖြည့်တင်းခြင်းနှင့် တိုးချဲ့ဖွဲ့စည်းခြင်း၊ အရည်အချင်း ဖြည့်တင်းခြင်း၊ စိတ်ဓာတ်ပိုင်း ဖြည့်ဆည်းပေးခြင်းတို့ကို အဆိုပါအဖွဲ့က ဆောင်ရွက်သွားမည်ဟု သိရသည်။
ထို့အတူ နည်းပညာမြင့် စစ်လက်နက်များ ကိုင်တွယ်အသုံးပြုနိုင်ရန်၊ တာဝန်ထမ်းဆောင်မှု ကာလပေါ်မူတည်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်အညီ ရွှေ့ဆိုင်း၊ လျှော့ပေါ့၊ ကင်းလွတ်ခွင့် ပေးခြင်း၊ တိုင်းစစ်ဌာနချုပ်များနှင့် ညှိနှိုင်း၍ နယ်မြေပိုင်းခြား တာဝန်အမျိုးအစား သတ်မှတ်ပေးခြင်း၊ ထိခိုက်ဒဏ်ရာရနှင့် ကျဆုံးမှုအတွက် ထောက်ပံ့ခြင်းများကိုပါ လုပ်ဆောင်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“သူတို့အနေနဲ့ နယ်မြေတွေ ဆုံးရှုံးလိုက်ရတဲ့ဟာတွေ၊ ပြီးရင် ဒီဖက်က တော်လှန်ရေး အစုအဖွဲ့တွေရဲ့ အားကောင်းလာမှုတွေကို ပြန်ပြီးတော့ တန်ပြန်ထိန်းချုပ်နိုင်ဖို့အတွက် သူတို့ အစုအဖွဲ့ ကျစ်ကျစ် လစ်လစ် ပြန်စုဖွဲ့တယ်၊ ဖွဲ့စည်းတယ်လို့ ကျွန်တော်နားလည်မိတယ်” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပုံစာ-စစ်ကောင်စီတပ်က ပြည်သူ့စစ်သင်တန်းပေးနေစဉ် နှင့် ပြည်သူစစ်များကို လက်နက် တပ်ဆင်ပေးနေစဉ်(ပုံဟောင်း)
#စစ်ရှုံးနေမှု #တန်ပြန် #အရပ်ဘက်စစ်ဘက် #ပြည်သူ့လုံခြုံရေးအဖွဲ့ #လက်နက်တပ်ဆင် #စစ်ကောင်စီလုပ်ဆောင် #Ayeyarwaddy_Times