
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၉ ရက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းကို စစ်ကောင်စီက အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုး လာသည့်အပြင် လေကြောင်းပစ်ကူများဖြင့်ပါ တိုက်ခိုက်လာသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များ မြို့အတွင်းမှ ခေတ္တဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီသည် ယမန်နေ့ ဩဂုတ် ၁၈ ညနေပိုင်းတွင် ရေဦးဘက်မှ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးကာ လေကြောင်းမှလည်း ရဟတ်ယာဉ်များဖြင့် စစ်ကောင်စီအင်အား ၁၀၀ ခန့်ကို ဒီပဲယင်းမြို့အတွင်း အင်အာဖြည့်တင်းခဲ့သည့်အတွက် တော်လှန်ရေးတပ်များ မြို့အတွင်းမှ ဆုတ်ခွာ ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီသည် ယမန်နေ့ နေ့လယ်ပိုင်းမှစတင်ကာ လေကြောင်းမှနေ၍ ဒီပဲယင်းမြို့ကို ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“မြေပြင်ထိုးစစ်ရော လေကြောင်းပစ်ကူရော၊ လေယာဉ်နဲ့ စစ်အင်အားတိုးချဲ့တာကိုရော မနေ့က နေ့ လယ်ပိုင်းကတည်းက ညလုပ်လာလို့ ညပိုင်းလောက်မှာ တော်လှန်ရေးတပ်တွေ ဆုတ်ခွာပေးခဲ့ရတယ်” ဟု ထောက်ပို့ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ ဩဂုတ် ၁၈ ရက်နေ့ နံနက်ပိုင်းတွင် အမှတ် (၁) စစ်ဒေသ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့၏ ကွပ်ကဲမှုဖြင့် ရွှေဘိုခရိုင်တပ်ရင်းများ၊ ရွှေဘိုခရိုင်ပကဖ၊ ဒီပဲယင်းမြို့နယ်ပကဖ၊ ဘုတလင်မြို့နယ် ပကဖတို့မှ ဒီပဲယင်းမြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီးများ ကစဉ့်ကလျားထွက်ပြေးသွားကြပြီး လက်နက် ချ အညံ့ခံလာသူ ၁၂၃ ဦးရှိကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့ကတည်းက ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ၊ မြေပြင်ထိုးစစ်များဖြင့် အပြင်းအထန် ခုခံကာကွယ်သည့်ကြားက ဒီပဲယင်းမြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီက ဒီပဲယင်းမြို့အတွင်း ပြန်လည်နေရာယူထားပြီး လေယာဉ်ပစ်ကူရန် အသင့်ပြင်ဆင်ထားကြောင်း သိရသည်။
ပုံစာ-ဒီပဲယင်းမြို့ကို သိမ်းပိုက်ပြီးနောက် တွေ့ရသည့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ
#စစ်ကိုင်း #ဒီပဲယင်း #တော်လှန်ရေးတပ်များ #ပြန်လည်ဆုတ်ခွာ #Ayeyarwaddy_Times