
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၂ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်၊ ပြည်တော်သာရပ်ကွက်နေ တရားလွှတ်တော်ရှေ့နေဦးဖြိုးသွင်ကို သတ်ဖြတ်ခဲ့သည့် လင်မယားအား သြဂုတ်လ ၇ ရက်နေ့တွင် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း ပုသိမ်မြို့နယ်စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်သည်။
သြဂုတ်လ ၅ ရက်နေ့ မနက် ၄ နာရီဝန်းကျင်အချိန်က အသက် ၈၀ အရွယ် တရားလွှတ်တော်ရှေ့နေ ဦးဖြိုးသွင်မှာ နေအိမ်၌ တစ်ဦးတည်းရှိနေစဥ် မသန္တာဖြိုး(ခ)မချယ်ရီဇော်နှင့် ၄င်း၏ အမျိုးသားဖြစ်သူ ဖိုးသက်ထွေး(ခ)ကရင်လေးတို့က ငွေကြေးနှင့်ပစ္စည်းများခိုးယူရန် ကြံရွယ်ရာမှ ဦးဖြိုးသွင် သိရှိသွားပြီး သေဆုံးသည်အထိရာဇဝတ်ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ပုသိမ်မြို့နယ်စစ်ကောင်စီက ရေးသားထုတ်ပြန်ထားသည်။
“ပုသိမ်မြို့ မှုခင်းတပ်ဖွဲ့အပါအဝင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် သတင်းစုံစမ်းဖော်ထုတ်မှုများပြုလုပ်ခဲ့ရာ တရားခံများဖြစ်ကြသည့် မသန္တာဖြိုး(ခ)မချယ်ရီဇော်နှင့် ၄င်း၏ အမျိုးသားဖြစ်သူ ဖိုးသက်ထွေး(ခ)ကရင်လေးတို့အား ၇-၈-၂၀၂၂ ရက်နေ့တွင် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိပြီး အမှုမှန်ဖော်ထုတ်နိုင်ခဲ့ပါသည်” ဟု ပုသိမ်မြို့နယ်စစ်ကောင်စီက လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရေးသားဖော်ပြထားသည်။
လူသတ်မှုကျူးလွန်ခဲ့သူ နှစ်ဦးမှာ PDF များမဟုတ်ပဲ လွန်ခဲ့သောတစ်နှစ်ခန့်က ဦးဖြိုးသွင်၏နေအိမ်၌ အိမ်အကူအဖြစ်လုပ်ကိုင်ခဲ့ဖူးသည့် လင်မယားနှစ်ဦးဖြစ်ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
သေဆုံးသူ ဦးဖြိုးသွင်မှာ စစ်ကောင်စီ၏ သတင်းပေး(ဒလန်)ဟု နာမည်ကြီးသည့် ဒေါ်ဖြိုးသူဇာသွင်၏ ဖခင်ဖြစ်ပြီး ၎င်းသေဆုံးမှုနှင့်ပတ်သတ်၍ ပုသိမ်နယ်မြေရဲစခန်းတွင် စွပ်စွဲဖမ်းဆီးခံထားရသူ ၅ ဦးထက်မနည်းရှိနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူအချို့ထံမှ သိရသည်။
ဓာတ်ပုံ – ပုသိမ်မြို့နယ်စစ်ကောင်စီ