ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၇ ရက်

ဧရာ၀တီတိုင်း၊ ပန်းတနော်မြို့နယ် ၊ မြေနုကျေးရွာတွင် သြဂုတ်လ ၁၅ရက်နေ့ ည၈နာရီခန့်က အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ပစ်ခတ်ခံရသူမှာ မြေနုကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဟု သိရပြီး ကျေးရွာရှိအင်းမှအပြန် နားထင်ကိုသေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရ​ပြီး ရွှေလောင်းမြို့ဆေးရုံသို့အရောက်တွင် သေဆုံးသွားကြောင်းသိရသည်။

“သူက အုပ်ကြီးဆိုတော့ စစ်ကောင်စီ ခိုင်းသမျှအကုန်လုပ်ပေးနေတာလေ စစ်မှုထမ်းတွေခေါ်တဲ့အချိန်မှာ ငွေတောင်းအကြမ်းဆုံးပဲ ခုတော့ ဘယ်အဖွဲ့ကပစ်သွားမှန်းမသိဘူး “ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အဆိုပါပစ်ခတ်မှုနှင့်ပတ်သတ်ပြီး ပန်းတနော်မြို့နယ်အတွင်းလှုပ်ရှားနေသော တော်လှန်ရေးအင်အားစုများဘက်မှ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

”တော်လှန်ရေးအင်အားစုတွေ တနည်းအားဖြင့် PDF တွေကတော့ တိုင်းပြင်ပမှာ အားလုံးစုဖွဲ့နေတုန်းပါ။ ခုဖြစ်စဥ်ကတော့ မြို့ပြပြောက်ကျားတွေလုပ်တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကျနော်တို့ဆီတော့ ခုထိသတင်းမရောက်သေးတော့ ဟုတ် မဟုတ် မပြောနိုင်သေးဘူး”ဟု ဧရာ၀တီတိုင်းတော်လှန်ရေးအင်အားစုမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရသည့်နေရာသို့ မြို့နယ်စစ်ကောင်စီမှ လာရောက်စစ်ဆေးခဲ့ပြီးစစ်သားနှင့်ရဲများက လမ်းများတွင်စောင်ကြည့်မှုများ ပြုလုပ်နေသည့်အတွက် ပြည်သူများအနေနှင့် မှားယွင်းစွပ်စွဲဖမ်းဆီးခံရမည်ကိုစိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

#ပန်းတနော်မြို့နယ် #အုပ်ချုပ်ရေးမှူး #သေနတ်ဖြင့်ပစ်ခတ်ခံရ #သေဆုံး #Ayeyarwaddy_Times