ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၄ ရက်

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိလာရောက်သည့်နေ့မှာပင် ရှမ်းမြောက်အပါအဝင် ရခိုင်နှင့် မြန်မာနိုင်ငံ၏ အချို့နေရာများတွင် တိုက်ပွဲများပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်အဖွဲ့သည် ယနေ့တွင် နေပြည်တော်သို့ရောက်ရှိလာပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အပေါင်းအပါတချို့က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

” တရုတ်ဘက်ကတော့ သူရဲ့လမ်းစဉ်တွေအတိုင်းသွားဖို့ကြိုးစားနေမှာပေါ့လေ ဒါပေမယ့် တစ်ခုသတိ ထားစေချင်တာက ဒီနေ့မှာပဲ သီပေါတို့နောင်ချိုတို့ဘက်မှာ တိုက်ပွဲတွေဖြစ်နေသလို ဖားကန့်မှာလည်း ဖြစ်နေတယ်” ဟု တော်လှန်ရေးစစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မကြာသေးမီရက်ပိုင်းအတွင်းကလည်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှတ်နှံမှုများရှိသည့် မြို့များတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ရရှိထားသလို စစ်မဲ့ဇုန်အဖြစ် ရေးသားဖော်ပြနေသည့် တရုတ်ပိုင်းလိုင်းဖြတ်သန်းရာမြို့အချို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ယနေ့ ဩဂုတ် ၁၄ ရက်နေ့ ညနေပိုင်းတွင် တရုတ်ကွန် မြူနစ်ပါတီ ဗဟိုကော်မတီဝင်၊ တရုတ်နိုင် ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် စစ်ခေါင်းဆောင်ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့တို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးရုံး သံတမန်ဆောင်ဧည့်ခန်းမတွင် တွေ့ဆုံဆွေးနွေးမှု များပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ယင်းတွေ့ဆုံမှုအတွင်း မစ္စတာဝမ်ယိက ရွေးကောက်ပွဲ ကျင်းပရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုကို ထောက်ခံပြီး ရှမ်းပြည်မြောက်ပိုင်းတွင် EROs အဖွဲ့များ၏ မြို့ရွာများအပေါ် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆန့်ကျင်သည်ဟု စစ်ကောင်စီက ၎င်းတို့ဝါဒဖြန့် မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့သည့် မစ္စမာကျားသည် ယမန်နေ့ ၁၃ ရက်နေ့က နေပြည်တော်တွင် ၎င်း၏ သံတမန်ခန့်အပ်လွှာ မိတ္တူကို စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ ပေးအပ်ခဲ့ပြီး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး ဗိုလ်ချုပ်မင်းအောင်လှိုင်က လက်ခံရယူထားခြင်း မရှိသေးပေ။

မစ္စတာ ဝမ်ယိ၏ယခုခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်မရှိဟု ဆိုထားပြီး စစ်ခေါင်း ဆောင်ဟောင်းများဖြစ်သော ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်တို့နှင့် တွေ့ဆုံရန်ရှိသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဩဂုတ် ၁၆ ရက်တွင် ကျင်းပသွားမည့် (၉) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) နိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးကို ပူးတွဲသဘာပတိအဖြစ် တက်ရောက်ရန်ရောက်ရှိနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်လာခြင်းဖြစ်သည်။

ဓာတ်ပုံ-စစ်ကောင်စီ
#တရုတ်နိုင်ငံခြားရေးဝန်ကြီး #မစ္စတာဝမ်ယိ #လာရောက်သည့်နေ့ #ရှမ်းမြောက်#တိုက်ပွဲများပြင်းထန် #Ayeyarwaddy_Times