
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၅ ရက်
ဧရာ၀တီတိုင်းတွင် စားအုန်းဆီစျေးနှုန်းသည် သြဂုတ်လ၁၄ရက်နေ့မှစ၍ တစ်ပိဿာလျှင် ငွေကျပ်နှစ်သောင်းဈေး ဖြစ်သွားသည့်အတွက် အခြေခံလူတန်းစားများ၀ယ်ယူရန်အတွက်အခက်အခဲ များဖြစ်ပေါ်နေကြောင်း သိရသည်။
စစ်ကောင်စီက စားအုန်းဆီ ရောင်းချသည့်ဆိုင်များကို တစ်ပိဿာလျှင် ၅၉၄၅ ကျပ်ဖြင့်သာ ရောင်းချရန်ညွှန်ကြားထားသော်လည်း စျေးဆိုင်များက ပြည်သူများကို ဆီပြတ်သည်ဟု ဆိုကာရောင်းချခြင်းမပြုတော့ကြောင်းသိရသည်။
“သူတို့က တစ်ပိဿာ ၆၀၀၀ထက်ပိုရင်ဖမ်းမယ် ဆိုပြီးကြေငြာတယ် ၊ တစ်ကယ်အပြင်မှာ တစ်ပိဿာ နှစ်သောင်းဆိုတော့ တနေ့ကို၀င်ငွေ ၅၀၀၀လောက်မှာ စားဆီတစ်ဆယ်သား၀ယ်ရင် ၂၀၀၀ဖြစ်နေတော့ နောက်ပိုင်းရေလုံပြုတ်ပဲစားရတော့မယ်။ ပြည်သူတွေလဲ ဒီခေတ်မှာအကုန် ဒုက္ခရောက်ကုန်တာ”ဟု ပုသိမ်မြို့တွင် နေထိုင်သူအမျိုးသမီးတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
စစ်ကောင်စီကတိုင်းအတွင်း ရပ်ကွက်အချို့တွင် ဈေးနူန်းသက်သာရေးခေါင်းစဥ်နှင့် စားအုန်းဆီ တစ်ပိဿာကို ၅၉၀၀ ကျပ်နှုန်းရောင်းချခဲ့သော်လည်း နာရီပိုင်းသာရောင်းသောကြောင့်လာရောက်တန်းစီသူတိုင်း ဝယ်ယူခွင့်မရကြောင်း ဒေသခံများကပြောသည်။
“ကြိုခေါ်ထားတဲ့လူတွေလောက်ပဲရတာ တန်းစီ ရတာသူတို့ဓါတ်ပုံရိုက်ခံရဖို့သက်သက်လိုဖြစ်နေတယ်။ အခြေခံလူတန်းစားတွေ အတွက်မရတာကများပါတယ်”ဟု မြန်အောင်မြို့ပေါ်ရှိ ရပ်ကွက်တစ်ခုတွင်နေထိုင်သူတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။
ဧရာ၀တီတိုင်းတွင် ဩဂုတ်လအစပိုင်းမှ စတင်၍ စားအုန်းဆီ ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီက စားအုန်းဆီကို မြို့နယ်တချို့တွင် စီမံချက်နှင့် ရောင်းချနေခြင်းဖြစ်ပြီး အခြေခံလူတန်းစားအများစု ရရှိခြင်းမရှိပဲ သတ်မှတ်ဈေးထက်ပိုပေးကာ၀ယ်ယူနေရခြင်းဖြစ်သည်။
#ဧရာ၀တီတိုင်း #စားဆီ #တစ်ပိဿာ #ကျပ်နှစ်သောင်း #အခြေခံလူတန်းစား #အခက်အခဲဖြစ်ပေါ်
#Ayeyarwaddy_Times