
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၅ ရက်
ပြည်တွင်းစက်သုံးဆီပြတ်လပ်မှု နှစ်ပတ်ကျော်ကြာမြင့်လာချိန်တွင်နောက်ဆက်တွဲအနေဖြင့် အချို့ ပုဂ္ဂလိက ကျောင်းများမှာ ဖယ်ရီမပေးနိုင်၍ ကျောင်းပိတ်လိုက်ရပြီး အချို့စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းသွားကြောင်းသိရသည်။
ရန်ကုန်မြို့ရှိနာမည်ကြီး ပုဂ္ဂလိဂကျောင်းအချို့တွင် ကျောင်းကားများ စက်သုံးဆီမရသဖြင့် ကျောင်း ၁ ရက်ပိတ်လိုက်ကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။
“ ဒီနေ့ ကျောင်းတစ်ရက်ပိတ်တယ်။ ကျောင်းကားတွေ ဆီမရတော့ ဖယ်ရီမကြိုနိုင်တော့ဘူး။ ဒါကြောင့် ကျောင်း (ကောင်းထက်ကျော်ပုဂ္ဂလိဂကျောင်း) ပိတ်လိုက်တယ်” ဟု ကျောင်းသားမိဘတစ်ဦးက ဆိုသည်။
စက်သုံးဆီပြတ်လပ်မှု ကြာမြင့်လာချိန်တွင် နောက်ဆက်တွဲအနေဖြင့် စီးပွားရေးလုပ်ငန်းများနှင့် လူမှုဘဝပါ ထိခိုက်လာပြီး အခက်အခဲများကြုံတွေ့နေရပြီး အိမ်တွင်းမှုလုပ်ငန်း၊ စက်မှုလက်မှု အသေးစားလုပ်ငန်း ရေသန့်ဖြန့်ဝေးရေးလုပ်ငန်းများတွင် စက်သုံးဆီမရသဖြင့် သုံးစွဲသူများထံ ရေသန့်ပို့ဆောင်နိုင်ခြင်းမရှိကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။
“အရင်ကဆို ရေသန့်ကား နေ့တိုင်းလာတယ်။ အခုတစ်ပတ် ၁ ရက်လောက်ပဲလာတော့မယ် ပြောတယ်။ ဆီမရတော့ ကားတွေမထွက်နိုင်ဘူးလို့ပြောတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်များတွင် ဆိုင်ကယ် ကယ်ရီဆွဲ၍ အသက်မွေးဝမ်းကျောင်းပြုနေရသူများ သည်လည်း ဆီဝယ်၍မရသဖြင့် ကယ်ရီမဆွဲနိုင်ကြောင်း ရွှေပြည်သာမြို့နယ်ရှိ ဆိုင်ကယ်ကယ်ရီသမား များထံက သိရသည်။
“ ဆီပြတ်တာက ဆိုင်ကယ်ကယ်ရီခတွေပါ ဈေးတက်ကုန်တယ်။ အရင်က အသွား၊ အပြန်မှပေးရတဲ့ ဈေးက အခုတစ်ကြောင်းနဲ့ ပြတ်တယ်။ နှစ်ဆလောက်ပေးရတယ်။ တစ်ထောင်တန်ခရီးက နှစ်ထောင်၊ နှစ်ထောင်တန်ခရီးဆို လေးထောင်ပဲ” ဟု ဆိုင်ကယ် ကယ်ရီပုံမှန်စီးနေသူတစ်ဦးက ဆိုသည်။
ထို့ပြင် ယနေ့ ကမ္ဘာအေးဘုရားလမ်းပေါ်စက်မှု (၁) နားရှိ New Day စက်သုံးဆီဆိုင်ရှေ့တွင် ယာဉ်တန်းသုံးတန်းဖြစ်ပေါ်နေပြီး ကားတန်းစီရာတွင် ပါရမီလမ်း (ချော်တွင်းကုန်း)၊ ပြည်လမ်းမှ အင်ယားလမ်း ( American Center) ရှေ့ရောက်ရှိနေကာ အင်းလျာကန် တစ်ပတ်ပြည့်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ရှေ့တွင် ဆီရရှိရန်အတွက် ယမန်နေ့ ည ၇ နာရီကတည်းက ညအိပ်ကာ တန်းစီစောင့်ဆိုင်းနေသော်လည်း မနက်ပိုင်းဆိုင်ဖွင့်ချိန်ကျော် လာသည် အထိ ဆီမရသေးကြောင်း ကိုယ်ပိုင်ယာဉ်မောင်းတစ်ဦး ဧရာ၀တီတိုင်းမ်ကို ပြောကြားသည်။
လက်ရှိတွင်စက်သုံးဆီပြတ်လပ်မှု ပိုမိုဆိုးဝါးလာနေပြီး စက်သုံးဆီအခက်အခဲကြောင့် ကုန်စည် ပို့ဆောင်ရေး အပါအဝင် အများပြည်သူသွားလာရေးများထိခိုက်လာပြီဖြစ်သည်။
စစ်ကောင်စီကမူ ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေနှင့် ပြည်ပမှဝင်ရောက်လာမည့် ဆီတင် သင်္ဘောများအခြေအနေအရ စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိကြောင်းနှင့် စုပြုံတန်းစီဝယ်ယူနေသည့် စက်သုံးဆီ အရောင်းဆိုင်များအပြင် တန်းစီ၀ယ်ယူမှုနည်းပါးသည့် စက်သုံးဆီအရောင်းဆိုင်များတွင် ဝယ်ယူသင့်သည့်ဟု ယနေ့ထုတ် စစ်ကောင်စီ၏ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထား သည်။
ဓာတ်ပုံ – ရန်ကုန်မြို့ခံတစ်ဦး
ပုံစာ- ကမ္ဘာအေးဘုရားပေါ် စက်မှု ၁ နားရှိ New Day စက်သုံးဆီတွင် တန်းစီးနေသည့် ကားတန်းရှည်ကြီးက ချော်တွင်းကုန်း (ပါရမီလမ်း)၊ ပြည်လမ်းနှင့် အင်းယားလမ်းပေါ်အထိ ရောက်ရှိနေသည်ကို မြင်တွေ့ရစဉ်
#စက်သုံးဆီပြတ်လပ် #ပုဂ္ဂလိကကျောင်းအချို့ #ပိတ်ထား #အိမ်တွင်းမှု #အသေးစားစက်မှုလုပ်ငန်း #ခရီးသွားလာရေးခက်ခဲ #လူနေမှုဘဝထိခိုက်လာ #Ayeyarwaddy_Times