ဆောင်း/ဧရာဝတီတိုင်းမ်
သြဂုတ် ၁၄ ရက်

စစ်ကောင်စီက စစ်မှုထမ်းဟောင်း အရာရှိ ၁၅၀၀ ကျော်နှင့် အခြားအဆင့် ၁၃၀၀ ကျော်ကို ယခု သြဂုတ်လ ပထမပတ်တွင် အရေးပေါ်ခေါ်ယူခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

စစ်မှုထမ်းဟောင်း အရာရှိ ၁၅၀၀ ကျော်နဲ့ အခြားအဆင့် ၁၃၀၀ ကျော်ကို စစ်ကောင်စီက သြဂုတ်လ ၈ ရက်နေ့ကစတင်ပြီး တိုင်းစစ်ဌာနချုပ်က‌နေတစ်ဆင့် ဆက်သွယ်ခေါ်ယူခြင်းဖြစ်ကြောင်း တပ်တွင်း သတင်းရင်းမြစ်က ဆိုသည်။

“အငြိမ်းစား စစ်မှုထမ်းဟောင်းတွေကို ခေါ်တာ။ အငြိမ်းစားယူထားသူ အများစုက မသွားကြပါဘူး။ တချို့လည်း ခေါ်လို့မရကြဘူး။ လက်ရှိဖုန်းဆက်ခေါ်နေတာ” ဟု နေပြည်တော်ရှိစစ်ရေးသတင်းမြစ်က ဧရာ၀တီတိုင်းမ် ကိုပြောသည်။

အဆိုပါ စစ်မှူးထမ်းဟောင်းအရာရှိနှင့် အခြားအဆင့်တို့မှာ အငြိမ်း စားယူထားပြီး ၅ နှစ်မပြည့် သေးသူ များဖြစ်ပြီးကြောင်းသိရသည်။

အရာရှိမဟုတ်သည့် တပ်သားမှ အရာခံဗိုလ်ထိ တပ်သား၊ ဒုတိယတပ်ကြပ်၊ တပ်ကြပ်၊ တပ်ကြပ်ကြီး၊ တပ်ခွဲတပ်ကြပ်ကြီး ၊ဒုတိယအရာခံဗိုလ်၊ အရာခံဗိုလ် အထိ အခြားအဆင့်အုပ်စုနှင့် ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဒုတိယဗိုလ်ကြီး အဆင့်ရှိ အရာရှိအုပ်စုများကို လုံခြုံရေးတာဝန်များထမ်းဆောင်ရန်ခေါ်ယူမည် ဖြစ်ကြောင်း သိရသည်။

ယခင် ဧပြီလကလည်း ပြည်သူ့စစ်မှုထမ်းသင်တန်းများဖွင့်လှစ်သင်ကြားမည့် တပ်မတော်လေ့ကျင့်ရေး သင်ကျောင်းများအတွက် စစ်မှုထမ်းဟောင်းများကို ခေါ်ယူခဲ့ရာတွင် လာရောက်သတင်းပို့သူ အနည်းငယ်သာရှိခဲ့ပြီး အချို့သင်တန်းကျောင်းများတွင် စစ်မှုထမ်း ဟောင်း အရာရှိများက လုံးဝ လာရောက် သတင်းပို့ခြင်းမရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်ကဆိုသည်။

အရန်စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းအငြိမ်းစားယူထားသူများထဲမှ အငြိမ်းစားယူပြီး ၅ နှစ်မပြည့် သေးသည့် သူများသည် အနည်းဆုံး ၃ နှစ် အများဆုံး ၅ နှစ် အရန်စစ်မှုထမ်းအဖြစ် စစ်ကောင်စီထံ ပြန်လည်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

ဓာတ်ပုံ-စစ်မှုထမ်းများ (ပုံဟောင်း)

#စစ်မှူးထမ်းဟောင်း #အရာရှိ၁၅၀၀ကျော် #အခြားအဆင့် #၁၃၀၀ကျော် #စစ်ကောင်စီ #အရေးပေါ်ခေါ်ယူ #Ayeyarwaddy_Times