ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၄ ရက်

ရန်ကုန်မြို့ရှိပြင်ပစက်သုံးဆီပေါက်ဈေးမှာ တစ်လီတာ ကျပ်တစ်သောင်း(၁၀၀၀၀) ဖြင့်ရောင်းချနေပြီး မြို့ကြီးအများအပြားတွင် စက်သုံးဆီပြတ်လပ်မှု နှစ်ပတ်ကျော်ကြာမြင့်လာပြီ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်ကုန်မှ စတင်ကာ ယနေ့ ဩဂုတ် ၁၄ ရက်နေ့ နှစ်ပတ်ကျော်သည့်အထိ မြို့နယ် အများပြားတွင် စက်သုံးဆီပြတ်လပ်နေ၍ စက်သုံးဆီမှောင်ခိုဈေးကွက်ဖြစ်ပေါ်လာပြီး မည်သည့်ဆီ အမျိုးအစားမဆို တစ်လီတာ ကျပ်တစ်သောင်းဖြင့် ရောင်းချနေကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။

ဆီဆိုင်တွေ အကုန်မရဘူး။ ဒီနေ့ ဆိုမနက် ၇ နာရီကတည်းက ဆရာစံလမ်းက MAX မှာ တန်းစီ နေတာ။ အခုနေ့လယ်အထိ မရသေးဘူး။ ဆီရမယ်ထင်လို့စောင့်နေတာ။ တစ်နေရာမှာတန်းစီပြီး တစ်နေရာထဲနေမှ၊ နောက်တစ်နေရာ လျှောက်ပြောင်းရင်မရဘူး။ အဆင်မပြေဘူး။ ငါးသောင်းဖိုး လောက်ရမယ်ထင်တယ် ဟု ရန်ကုန်မြို့ရှိ ကုမ္ပဏီယာဉ်မောင်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရန်ကုန်မြို့အတွင်းရှိ စက်သုံးဆီလက်လီ ရောင်းချသည့်ဆီဆိုင်များတွင် ဆီအရောင်းပိတ်ထားကာ ဆီရ၊ မရ မသိရသော်လည်း ညအိပ်တန်းစီစောင့်ဆိုင်းမှုများရှိကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြောကြားသည်။

ယနေ့ ဩဂုတ် ၁၄ ရက်နေ့တွင် စက်သုံးဆီတန်းစီးရမှုပိုကြာလာကာ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ New Day စက်သုံးဆီဆိုင်တွင် မော်တော်ယာဉ်များဆီတန်းစီနေရာတွင် ကမ္ဘာအေးဘုရားလမ်း ချော်တွင်း ကုန်းမှ ပါရမီလမ်းတစ်လျှောက်၊ ထိုမှ ပြည်လမ်းပေါ် တံတားဖြူမှတ်တိုင် အထိရောက်ရှိနေကြောင်း ရန်ကုန်မြို့ရှိ ကိုယ်ပိုင်ယာဉ်မောင်းသူတစ်ဦးထံက သိရသည်။

ရန်ကုန်မြို့အပါအဝင် မြို့ကြီးများတွင် စက်သုံးဆီအရောင်းဆိုင်များသည် တစ်ဆိုင်နှင့်တစ်ဆိုင် ရောင်းချပေးသည့် ငွေပမာဏမတူသော်လည်း ကျပ်သုံးသောင်း မှ ငါးသောင်း ဖိုးအထိ ရောင်းချပေး ကြောင်းသိရသည်။

ယမန်နေ့ ဩဂုတ် ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ပြင်ရှိစက်သုံးဆီဆိုင်များတွင် မည်သည့်စက်သုံးဆီ အမျိုးအစားမဆို တစ်လီတာ ကျပ် ၄၀၀၀ ဈေးဖြင့် ရောင်းချကြောင်း ဆီဖြည့်လာသူ ကိုယ်ပိုင် မော်တော်ယာဉ်မောင်းတစ်ဦးက ဆိုသည်။

အချို့ဆီဆိုင်မှာဆီရှိတယ်။ ဒါပေမယ့် သတ်မှတ်ဈေးနဲ့မရဘူး။ ဆိုင်းဘုတ် မီးတွေအကုန် ပိတ်ထားတယ်။ ကြိုက်တဲ့အမျိုးအစားရတယ်။ တစ်လီတာ ၄၀၀၀ ပဲ။ ဘောင်ချာမရဘူး ဟု ၎င်းက ဆက်လက်ပြောကြားသည်။

စက်သုံးဆီပြတ်လပ်မှုကြောင့် ဆိုင်ကယ်ကယ်ရီခများဈေးတက်ခြင်း၊ တက္ကစီခဈေးတက်ခြင်းများ ဖြစ်ပေါ်နေ ကြောင်း ရန်ကုန်မြို့တွင်းခရီးသွားလာသူများထံက သိရသည်။

တစ်ပတ်လောက်ရှိပြီး ဩဂုတ် ၈ ရက်နေ့လောက်ကတည်းက ညအိပ်တန်းစီစောင့်နေကြတာ။ ဆီကားလာမှာဆိုပြီးတော့ပေါ့။ အရင်က တစ်ပတ်လောက်နဲ့ပြီးသွားတယ်။ အခုက နှစ်ပတ်လောက်ရှိပြီ။ စစ်ကောင်စီက ဒေါ်လာရောင်းမပေးဘူး။ ဆီသမားက ဒီဈေးနဲ့လည်း မဝယ်နိုင်ဘူး။ ပိုက်ဆံ မချေနိုင် ဘူးပေါ့ ဟု ရန်ကုန်မြို့ခံ ကိုယ်ပိုင်ယာဉ်မောင်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ရန်ကုန် – နေပြည်တော်အမြန်လမ်းတစ်လျှောက်ရှိ ဆီဆိုင်များပိတ်ထားပြီး ဆီတစ်ဆိုင်လျှင် နှစ်သောင်းဖိုး နှင့် အခြားဆီတစ်ဆိုင်လျှင် ငါးသောင်းဖိုးရကြောင်းသိရသည်။

စစ်ကောင်စီက ဩဂုတ်လ ဒုတိယပတ်အထိ စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရန် ကြိုတင်သိုလှောင် ဖြန့်ဖြူးလျက်ရှိပြီး ပြည်ပမှ စက်သုံးဆီတင်သင်္ဘောစဉ်ဆက်မပြတ်ဝင်ရောက်ရန် ကြိုးစားနေကြောင်း ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်နေ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ – ဆရာစံလမ်း Max ဆီဆိုင်မှဆီတန်းစီရာ ကမ္ဘာအေးဘုရားလမ်းပေါ်ရောက်ရှိ
#စက်သုံးဆီပြတ်လပ် #နှစ်ပတ်ကြာ #ပြင်ပပေါက်ဈေး #ကျပ်တစ်သောင်း #Ayeyarwaddy_Times