
“တော်လှန်ရေး အောင်ပွဲရသွားတဲ့အခါ စစ်တပ်ကို သူ့အလုပ်သူလုပ်တဲ့၊ နိုင်ငံရေးထဲ ဝင်မပါဘဲ နိုင်ငံတော်ကို ကာကွယ်ဖို့ဆိုတဲ့ စစ်တပ်ပုံစံမျိုးပဲ မြင်စေချင်တယ်” ( CDM တပ်ကြပ်ကြီး ယဉ်လဲ့လဲ့ထွန်း)
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၄ ရက်
စစ်တပ် အာဏာသိမ်းပြီးနောက် အစောဆုံး ပြည်သူ့ရင်ခွင် ခိုလှုံလာသော တပ်မတော်သား CDM များထဲတွင် မယဉ်လဲ့လဲ့ထွန်းလည်း အမျိုးသမီး တပ်ကြပ်ကြီးတစ်ဦးအဖြစ် ပါဝင်လာခဲ့သည်။
မယဉ်လဲ့လဲ့ထွန်းသည် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မှတ်တမ်းဌာနခွဲ၌ တာဝန်ထမ်းဆောင်နေရာမှ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဧပြီ ၃ ရက်တွင်မူ CDM ပြုလုပ်လာခဲ့ခြင်းလည်း ဖြစ်သည်။
ထိုသို့ စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ပြည်သူလူထုနှင့်အတူ ရပ်တည်ခဲ့သော CDM တပ်ကြပ်ကြီး ယဉ်လဲ့လဲ့ထွန်းအနေဖြင့် အာဏာမသိမ်းခင်၊ သိမ်းပြီးနောက်ပိုင်း ကြုံတွေ့ဖြတ်သန်းခဲ့ရမှု၊ လက်ရှိ ကာလ စစ်ကောင်စီ အခြေအနေအပေါ် ၎င်းအမြင်သုံးသပ်မှုတို့ကို ဧရာဝတီတိုင်းမ် သတင်းဌာနမှ အကြီး တန်းသတင်းထောက် နိုင်မင်းလွင်က ဆက်သွယ်မေးမြန်းထားပါသည်။ ဧရာဝတီတိုင်းမ်။ ။ မင်္ဂလာပါ။ အရင်ဦးဆုံး အစ်မရဲ့ အကြောင်းနဲ့ CDM မတိုင်ခင်က တာဝန် ထမ်းဆောင်ခဲ့တဲ့ ဌာနကို ပြောပြပေးပါ။
မယဉ်လဲ့လဲ့ထွန်း ။ ။ ဟုတ်ကဲ့၊ ညီမနာမည်ကတော့ ယဉ်လဲ့လဲ့ထွန်းပါ။ CDM ဝင်လာတာကတော့ ၂၀၂၁ ခုနှစ်၊ ဧပြီ၊ ၃ ရက်နေ့မှာ CDM ဝင်လာခဲ့ပါတယ်။ အဲ့ဒီအရင် တာဝန်ထမ်းဆောင်ခဲ့တာကတော့ ရန်ကုန်တိုင်းစစ်ဌာန ချုပ်၊ မှတ်တမ်းဌာနခွဲမှာ တာဝန်ထမ်းဆောင်ခဲ့တာပါ။ဧရာဝတီတိုင်းမ်။ ။ အာဏာမသိမ်းခင်က မယဉ်လဲ့လဲ့ထွန်းအနေနဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မှတ်တမ်းဌာနခွဲမှာ ဘာတွေအဓိက ဆောင်ရွက်ခဲ့ရပါသလဲ။
မယဉ်လဲ့လဲ့ထွန်း ။ ။ အဓိကကတော့ မှတ်တမ်းပေါ့။ ရန်ကုန်တိုင်း လက်အောက်မှာရှိတဲ့ကြည်းတပ် ၁၀၀ ကျော်ရဲ့ စာရင်းတွေကို အဓိကလုပ်ပေးရတယ်။ နေပြည်တော် ကကကြည်းကို ပို့ရတဲ့ လစဉ်စာရင်းတွေ ရှိတယ်။ အဲ့ဒီလစဉ် စာရင်းတွေကို အဓိကလုပ်ပေးခဲ့ရတာ။ သူတို့ရဲ့ ပညာအရည်အချင်းနဲ့ ပတ်သက်တာတွေ၊ သူတို့ရဲ့ အင်အားစာရင်းတွေပေါ့။ အဲ့ဒါတွေကို အဓိက လုပ်ခဲ့ရတာ ၂ နှစ်လုံးပဲ ပြောလို့ရတယ်။ သင်တန်းဆင်းပြီးထဲက၊ ရန်ကုန်တိုင်းမှာကျထဲက အဲ့ဒါပဲ အဓိကလုပ်ခဲ့ရတာ။ဧရာဝတီတိုင်းမ် ။ ။အမျိုးသမီး တပ်ကြပ်ကြီးလည်း ဖြစ်နေတော့ CDM လုပ်ဖို့အတွက် ဘာတွေက တွန်းအားဖြစ်စေခဲ့ပါသလဲ။ ဒီအတွက်ရော ဘယ်လိုပြင်ဆင်ခဲ့ရပါသလဲ။ ဆုံးရှုံးသွားတဲ့ ခံစားချက်ဆိုရင် ဘာတွေဖြစ်မလဲ။
မယဉ်လဲ့လဲ့ထွန်း ။ ။ CDM လုပ်ဖြစ်တဲ့ အထဲမှာမှ မိန်းကလေးထဲမှာ ကိုယ်က အစောဆုံး ဖြစ်နေတာပေါ့။ အခက်အခဲကတော့ အများကြီးရှိတယ်။ လုပ်ဖြစ်ဖို့ ရည်ရွယ်၊ စပြီးကြံစည်ခဲ့တာ ကတော့ အာဏာသိမ်းပြီး ၂ လပိုင်းကုန်၊ ၃ လပိုင်းလောက်ထဲက ကြံခဲ့တာပေါ့နော်။ အဓိကကတော့ ဆန္ဒပြပွဲတွေမှာ ကျောင်းသားလူငယ်တွေကို သူတို့ပစ်သတ်တာ ရှိတယ်။ မြသွဲ့သွဲ့ခိုင် ကို ပစ်သတ် တုန်းကတော့ စစ်တပ်အပေါ် သူလိုလို ကိုယ်လိုလိုမျိုးပဲ ရှိသေးတာ။ ရန်ကုန်မှာ ဖြစ်လာတဲ့အချိန် ညီညီ အောင်ထက်နိုင်တို့ လှည်းတန်းမှာ ဆရာမတွေ ပစ်သတ်ခံရတဲ့နေ့မှာ ပိုပြီးတော့ သိသာလာတာပေါ့။
မြသွဲ့သွဲ့ခိုင်ကို ပစ်တဲ့နေမှာဆို ရုံးစာတွေနဲ့ခေါ် သူတို့ပစ်တာ မဟုတ်ဘူးဆိုပြီး ဖတ်ပြတာမျိုးတွေ ရှိတယ်။ သူတို့ မဟုတ်ဘူးဆိုတဲ့အကြောင်းကို လိုက်ဖြေရှင်းပြနေတယ်။ သူတို့ ဒီလိုသိမ်းတာ မဲစာရင်း မှားတယ်ဆိုတဲ့အကြောင်းကို စာရွက်ကြီးနဲ့လာပြီး အတင်းဖတ်ပြနေတာကိုလဲ မကြိုက်ဘူး၊ အဲ့လို သတ်ဖြတ်နေတာတွေကိုလဲ မကြိုက်ဘူး။
ဒါပေမယ့် ကိုယ်တစ်ယောက်တည်းဆို ဒီလောက်အစောကြီး ထွက်ဖြစ်ချင်မှ ထွက်ဖြစ်ဦးမှာပေါ့နော်။ အဲ့ဒီတုန်းက ညီမချစ်သူကလည်း ထွက်ဖို့ကိုယ့်ကို အားပေးတယ်။ အရင် အာဏာသိမ်းမှုတွေနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းတွေကအစ သူက ရှင်းပြခဲ့တာရှိတယ်၊ ကိုယ်မသိတဲ့ဟာတွေ သိရတယ်။ ကိုယ်က အရင်ထဲက နိုင်ငံရေးကို စိတ်ဝင်တစား ရှိနေတဲ့သူ မဟုတ်ဘူး။ အဲ့တော့ အဲ့ဒီအချိန်ကြမှ အသည်းအသန် လိုက်ရတာတွေ ရှိတယ်။ အဓိကက သူတို့ သတ်နေတာတွေ လက်မခံနိုင်ဘူး။ အဲ့အတွက် ထွက်ဖို့ လုပ်တယ်။ သူကတော့ အများကြီး support ပေးရတယ်။ဧရာဝတီတိုင်းမ် ။ ။ တပ်တွင်းမှာရှိစဉ်က ခွဲခြားဆက်ဆံမှု၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ ကိစ္စရပ် တွေ၊ ဖိနှိပ်မှုတွေက ဘယ်လိုရှိခဲ့ပါသလဲ။ အခုရော ဘာတွေဖြစ်တယ် ကြားသိရသေးလဲ။
မယဉ်လဲ့လဲ့ထွန်း ။ ။ တပ်တွင်းမှာက ခွဲခြားခံရတာတို့၊ နောက် လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေတို့ဆို ကိုယ်တိုင်လဲ ကြုံခဲ့ရတဲ့ဟာတွေ ရှိတယ်။ အပြောနဲ့ နှောင့်ယှက်တာမျိုး၊ ထိကပါးယိကပါး လုပ်တာမျိုးတွေ၊ အိမ်ထောင်ရှိလျက်နဲ့ အရသာခံ ရည်းစားစကား ပြောတာမျိုးတွေ ကြုံတွေ့ ကြားခဲ့ရတယ်။
နောက် အမျိုးသမီးနဲ့ အမျိုးသား ရာထူးအဆင့်အတန်း ပေးတာကအစ ခွဲခြားတာမျိုးတွေ၊ အမျိုးသား တွေဟာ စာရေးဖြစ်ပြီးတော့ ဘွဲ့ရတဲ့အခါ ဗိုလ်သင်တန်း သွားလျှောက်လို့ရတယ်။ အမျိုးသမီးတွေ ကျတော့ လျှောက်ခွင့်မပေးတာမျိုး၊ ကိုယ့်နောက်ကဝင်တဲ့ တပ်သားပေါ့နော်။ တပ်သားအနေနဲ့ ဝင်တဲ့လူတွေထဲမှာ ဘွဲ့ရတွေပါတယ်။ ဗိုလ်သင်တန်းမှီတဲ့ သူဆိုလို့ရှိရင် သူတို့က တက်ခွင့်ရသွားတာ မျိုးတွေရှိတယ်။
အမျိုးသမီး တပ်ကြပ်ကြီး စာရေးတွေအနေနဲ့ တက်ခွင့်မရှိဘူးဆိုတဲ့ ပုံစံမျိုး။ နောက်ပြီး နေတာထိုင်တာ၊ သွားတာလာတာကအစ ကန့်သတ်ထားတာ ရှိတယ်။ အခုနောက်ပိုင်း အများကြီး ချောင်လည်သွားတယ်။ အရင်တုန်းကဆို TikTok မဆော့ရဘူးတို့ ယူနီဖောင်းဘက်ပါလို့ မရဘူးဆိုတာတွေ။ နောက်ပြီး ဆံပင်အတို မညှပ်ရဘူးတို့ဘာတို့ ညီမတို့ဆို စာနဲ့ လက်မှတ်ထိုးရတာမျိုး ရှိတယ်။ အပြင်ထွက်တာ၊ ဘောလုံးဘောင်းဘီ ဝတ်တာကအစ လိုက်ပြောတယ်။ အာဏာသိမ်းပြီး နောက်ပိုင်းမှာ သူတို့ အများကြီး ဖြေလျော့ပေးလာတာတွေ့တယ်။ TikTok ကအစ ပြိုင်ပွဲ တွေလုပ်ပြီး ပြိုင်ခွင့်ပေးလာတာတွေ၊ ယူနီဖောင်းတွေပါပါ ဘက်တံဆိပ်တွေပါပါ စည်းရုံးရမယ့် ကိစ္စတွေ ရှိလာတော့ ခွင့်ပြုပေးလာတယ်။ဧရာဝတီတိုင်းမ် ။ ။ CDM လုပ်ပြီးနောက် အမျိုးသမီးတစ်ဦးအနေနဲ့ အဓိကစိန်ခေါ်မှု၊ ဖြတ်သန်း ကြုံတွေ့ရမှုတွေက ဘယ်လိုရှိခဲ့ပါသလဲ။
မယဉ်လဲ့လဲ့ထွန်း ။ ။ CDM လုပ်ပြီးချိန်ထိတော့ မီဒီယာတွေမှာ ဖြေတာတွေ မရှိခဲ့ဘူး။ အဲဒီတော့ အေးအေး ဆေးဆေးပဲ။ ပူတာတစ်ခုက ကိုယ့်အိမ်ကို ပြဿနာရှာမှာကိုပဲ။ CDM မလုပ်ခင်ကတည်းက ဒီကိစ္စတွေကို စဉ်းစားမိပါတယ်။ ထွက်သွား (CDM လုပ်) လို့ ပြန်ဖမ်းခဲ့ရင် နောက်လူတွေ မလုပ်ရဲအောင် စံပြလုပ်ခံရမှာ ဆိုတာတွေကိုပေါ့။
ပြည်တွင်းမှာ တိမ်းရှောင်ရတုန်းက အရမ်းကြောက်တယ်။ ကိုယ်နေတဲ့ နေရာတွေကို သူတို့ စစ်ကြောင်း ထိုးပြီးတော့ လာတုန်းကဆို စိုးရိမ်စိတ်တွေ အရမ်းများခဲ့ရတယ်။ အာဏာသိမ်းတော့ အပြောင်း အလဲတွေ အများကြီး ဖြစ်ခဲ့တယ်။ ဒါတောင် ကိုယ့်ကို ဖေးမပေးမယ့်သူရှိနေလို့ တော်သေး တယ်လို့ ပြောရမယ်။ တောထဲမှာတော့ တော်တော်များများ ကြုံခဲ့ရတယ်။ဧရာဝတီတိုင်းမ် ။ ။ လက်ရှိမှာရော ဘယ်လိုကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်နေပါသလဲ။ ပြည်ပ (သို့မဟုတ်) လွတ်မြောက်မှာ အထူးသဖြင့် အမျိုးသမီးတွေရဲ့ အခက်အခဲက ဘာတွေရှိနေသလဲ။
မယဉ်လဲ့လဲ့ထွန်း ။ ။ ညီမထွက်လာပြီး ၂၀၂၁ နှစ်ကုန်ပိုင်းကစ စစ်သားတွေနဲ့ ပတ်သက်တဲ့ အဖွဲ့တွေမှာ လုပ်ပေးခဲ့တယ်။ ဒီနှစ်အစက စပြီးတော့ အဖွဲ့အစည်းရယ်လို့ မဟုတ်ဘဲနဲ့ ဒေါနမီဒီယာကနေ တပ်ထဲ မှာကျန်ခဲ့တဲ့ သူတွေအတွက် သတင်းအမှန်တွေ ရရှိအောင် အဓိကလုပ်ပေးနေတယ်။
သူတို့ကို (စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်တွေ) သတင်းဖုံးထားတာတွေ၊ သတင်းမရတာတွေ ရှိတယ်။ အဲဒါတွေ အကုန်လုံးကို သိရှိရအောင်ဆိုပြီး မျှဝေပေးတဲ့ Channel တစ်ခုပေါ့နော်။ အဲဒီမှာ ဝင်လုပ်နေပါတယ်။
နောက် CDM တွေဆိုရင်လည်း အမျိုးသမီးတွေတင် မဟုတ်ဘူး၊ အမျိုးသားတွေရော၊ ပြည်သူတွေရော အကုန်လုံး ခက်ခဲနေကြတယ်။ အဆင်ပြေသလို ရုန်းကန်နေကြရတယ်။ ကိုယ်ဆိုလည်း ကိုယ်လုပ်ချင် တာထက် လုပ်သင့်တဲ့ဟာ၊ လုပ်ရမယ့်အရာကိုပဲ ဦးတည်လုပ်နေတယ်။ဧရာဝတီတိုင်းမ် ။ ။ အခုဆို စစ်သမီးတွေပါ ရှေ့တန်းပို့တာ၊ စုဆောင်းလာတာတွေ ကြားသိနေရလို့ စစ်ကောင်စီရဲ့ အခြေအနေက ဘယ်လောက်ဆိုးနေပြီလို့ ပြောလို့ရနိုင်မလဲ။
မယဉ်လဲ့လဲ့ထွန်း ။ ။ အာဏာသိမ်းခါစမှာ စစ်သမီးတွေက လက်နက်ကိုင်ရတာ မရှိဘူး။ ကင်းစောင့် ရတာတို့ ဘာတို့ဆိုလည်း အဓိကက အမျိုးသားတွေပဲ လုပ်ရတာများတယ်။ ဒါပေမယ့် နောက်ပိုင်း တချို့တိုင်းတွေ၊ ဒေသတွေမှာ အမျိုးသမီးတွေကို ကင်းစောင့်ခိုင်းတာတွေ ဘာတွေတော့ အများကြီး တွေ့လာရတယ်။ အခုဆို သူတို့ အင်အားနည်းလာလို့ စစ်မှုထမ်း ဥပဒေပြပြီး လုပ်လာတယ်။
နောက်ဆုံး ဘယ်သူမှ မကျန်တော့တောင် တပ်ထဲမှာရှိတဲ့ မိသားစုတွေကို ထုတ်သုံးမှာ၊ စတေးခံအဖြစ် ထားခဲ့မှာပဲ။ မြို့သိမ်းတိုက်ပွဲတွေ၊ စခန်းသိမ်း တိုက်ပွဲတွေ များလာတာနဲ့အမျှ ဒါတွေက ကြုံတွေ့ လာရမယ့် ကိစ္စတွေပဲ။ သူတို့ကတော့ အမျိုးသမီးနေနေ၊ အမျိုးသားနေနေ သူတို့တပ်ကို ကာကွယ် စောင့်ရှောက်ရမယ် ဆိုတဲ့ပုံစံမျိုးနဲ့ ခိုင်းနေလုပ်နေရမှာပဲ။ဧရာဝတီတိုင်းမ် ။ ။ မယဉ်လဲ့လဲ့ထွန်းအနေနဲ့ နိုင်ငံအတွက် (သို့မဟုတ်) စစ်တပ်အတွက် စိတ်ထဲမှာ ဖြစ်စေချင်တဲ့ ဆန္ဒကရော ဘာဖြစ်နိုင်မလဲ။
မယဉ်လဲ့လဲ့ထွန်း ။ ။ ကိုယ်လည်း တပ်က ထွက်လာခဲ့တဲ့ သူဆိုတော့ အဓိကက တပ်ကို ပြောင်းလဲ စေချင်တာ၊ စစ်တပ်က ခေတ်အဆက်ဆက် ၆၂ ကတည်းက နိုင်ငံရေးထဲမှာ ဝင်ရောက်စွက်ဖက်တာတွေ၊ အာဏာသိမ်းတာတွေ၊ သူတို့ ကယ်တင်မှ ရမယ်ဆိုတဲ့ ပုံစံမျိုး အတင်းကို ကယ်တင်ရှင် ဝင်လုပ်တယ်။
ဒါပေမယ့် သူတို့လုပ်မှပဲ တိုင်းပြည်က စီးပွါးရေးကအစ အာဏာသိမ်းကတည်းက ကျကျလာတယ်။ အခုဆို ပိုပြီးသိသာလာတယ်။ အဲဒီတော့ တော်လှန်ရေး အောင်ပွဲရသွားတဲ့အခါ စစ်တပ်ကို သူ့အလုပ် သူလုပ်တဲ့၊ နိုင်ငံရေးထဲ ဝင်မပါဘဲ နိုင်ငံတော်ကို ကာကွယ်ဖို့ဆိုတဲ့ စစ်တပ်ပုံစံမျိုးပဲ မြင်စေချင်တယ်။
နောက်ညီမတို့ နိုင်ငံမှာရှိတဲ့ စုံလင်ကွဲပြားမှုတွေ၊ တိုင်းရင်းသား လူမျိုးအားလုံး လက်ခံနိုင်တဲ့ အနေ အထားတစ်ခု၊ စနစ်တစ်ခု အဲလိုမျိုး သွားစေချင်တယ်။ ဘာစစ်ပဲဖြစ်ဖြစ် အကုန်လုံး ချုပ်ငြိမ်းစေ ချင်တယ်။ဧရာဝတီတိုင်းမ် ။ ။ အခုမေးတဲ့အထဲ ပြောလိုတာများ ကျန်ခဲ့တာရှိ ဖြည့်စွက်ပြောပေးပါ။
မယဉ်လဲ့လဲ့ထွန်း ။ ။ ဟုတ်ကဲ့ မရှိတော့ပါဘူး။ဧရာဝတီတိုင်းမ် ။ ။ အခုလို အချိန်ပေးဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။
မယဉ်လဲ့လဲ့ထွန်း ။ ။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။
#အမျိုးသမီးCDM #တပ်ကြပ်ကြီးယဉ်လဲ့လဲ့ထွန်း #ဆက်သွယ်မေးမြန်းခြင်း #အမျိုးသမီးကဏ္ဍအင်တာဗျူး #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)