
ဧရာဝတီတိုင်းမ်
(ညောင်လေးပင်)၊ ဩဂုတ် ၁၃ ရက်
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၊ ပုဇွန်မြောင်းကျေးရွာ အနီးတွင် ပြီးခဲ့သည့် ဩဂုတ် ၁၁ ရက်နေ့က စစ်ကောင်စီတပ်နှင့် PDFတပ်ရင်း- ၃၇၀၃ တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အမှတ်(၂)စစ်ဒေသခွဲ၊ တောင်ပိုင်းစစ်ဒေသထံက သိရသည်။
စစ်ကောင်စီတပ်သည် ပုဇွန်ချောင်းနယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်သား သုံး ဦးသေဆုံး၍ ၁၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“လက်ရှိမှာတော့ ပုဇွန်ချောင်းနယ်တဝိုက်မှာက စစ်ကောင်စီတပ်တွေ၀င်နေတယ်။ သူတို့နဲ့ အနီးဆုံး ပေါ့နော်။ ကျွန်တော်တို့က စစ်တောင်းမြစ်ဝှမ်းရဲ့ တချို့ အင်းတွေ ရေတွေ ခြားထားတယ်။ ကျွန်တော်တို့ရဲ့ စိုးမိုးနယ်မြေတွေက သူတို့နဲ့ရင်ဆိုင်တိုက်ပွဲဖြစ်နေပါတယ် ခင်ဗျ။ စစ်တပ်ဖက်ကလည်း ကျွန်တော်တို့ တပ်ရင်းတွေ သူတို့နယ်မြေတွေကို ထပ်မ၀င်လာဖို့ အပြင်းထန်ခုခံနေကြတယ်။ ကျွန်တော်တို့ဘက်က လည်း အဲ့ဒီဘက်ကိုဆက်ပြီးတော့ ထိုးစစ်ဆင်ဖို့ပြင်နေကြပါတယ်” ဟု အမှတ်-၂ စစ်ဒေသခွဲ၊ တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် ပုဇွန်မြောင်းကျေးရွာအတွင်းမှ ဒေသခံနေအိမ် ပစ္စည်းများ၊ သာသနိကပိုင် အဆောက်အဦများကို ဖျက်ဆီးမှုများပြုလုပ်ခြင်းနှင့် လက်ညှိုးထိုး ရောင်းချခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
ပုဇွန်မြောင်း ကျေးရွာသည် နိုင်ငံကျော် စာရေးဆရာ၊ သတင်းစာဆရာ လူထုဦးလှ၏ ဇာတိဖြစ်ကာ အိမ်ခြေ ၁၆၀၀ ဝန်းကျင် နှင့် လူဦးရေ ၇၀၀၀ ဝန်းကျင်ရှိ စံပြကျေးရွာကြီး တစ်ခုဖြစ်ပြီး စစ်တပ်၏ စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်မှုများကြောင့် ဒေသခံများ စစ်ဘေးရှောင်တိမ်းနေရသည်မှာ နှစ်ချီ ကြာမြင့်နေပြီ ဖြစ်ကြောင်းသိရသည်။
ယခုအခါ စစ်တောင်းမြစ်ဝှမ်းဒေသတွင် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဩဂုတ် ၆ ရက်နေ့ကလည်း ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ယာယီတပ်ရင်းမှူး နှင့် တပ်ခွဲမှူး တို့ သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – အမှတ်(၂)စစ်ဒေသခွဲ၊ တောင်ပိုင်းစစ်ဒေသ
#ညောင်လေးပင် #ပုဇွန်မြောင်းတိုက်ပွဲ #စစ်ကောင်စီ #သေဆုံး #နေအိမ်မီးရှို့ #Ayeyarwaddy_Times