ဧရာဝတီတိုင်းမ်
ဩဂုတ် ၉ ရက်

နိုင်ငံရေးမတည်ငြိမ်မှုအပါအဝင် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာမှုကြောင့် နိုင်ငံခြားငွေ ကိုင်ဆောင် လိုသူများလာ၍ အမေရိကန်ဒေါ်လာလဲလှယ် ဈေးထပ်မံမြင့်တက်လာပြီး အခေါက်ရွှေနှုန်းပါလိုက်ပါ မြင့်တက်လာကြောင်း သိရသည်။

လာမည့်ရက်သတ္တပတ်အတွင်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဒေါ်လာ၊ ယွမ်နှင့်ဘတ်ငွေများ ရောင်းချပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ ဩဂုတ် ၉ ရက်နေ့တွင် ထုတ်ပြန်သည်။

ယနေ့ ဩဂုတ် ၉ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၆၀၀၀ ပတ်ဝန်းကျင်ဖြင့် ညနေ ဈေးပိတ်ပြီး ဆယ်ရက်အတွင်း ကျပ် ၃၀၀ ဈေးမြင့်လာကြောင်းဈေးကွက်အတွင်းက သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၁ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၅၇၀၀ ဈေးပတ်ဝန်း ကျင်ရှိ ကြောင်းသိ ရသည်။

နိုင်ငံခြားငွေရောင်းချရာတွင် စက်သုံးဆီ၊ စားသုံးဆီနှင့် အခြားသောအရေးကြီးကုန်စည်များအတွက် FX Trading Platform မှတဆင့် အမေရိကန်ဒေါ်လာ ၆ သန်း၊ တရုတ်ယွမ် ၅ သန်းနှင့် ထိုင်းဘတ် ၁၀ သန်းရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအကယ်ဒီအခေါက်ရွှေဈေးသည် ဆယ်ရက်အတွင်း ကျပ်နှစ်သိန်းမြင့်တက်လာကာ အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် သိန်း ၇၀ ဝန်းကျင်ရောက်ရှိနေ ကြောင်း ဈေးကွက်အတွင်းသိရသည်။

“ ဒေါ်လာဈေးကအဝယ်လိုက်တယ်။ အရောင်းသိပ်မထွက်ဘူး။ ရွှေဈေးက ဈေးကောင်းပေးဝယ်တဲ့ သူဆီက နေဝယ်ကြတယ်။ တစ်ကျပ်သားပေါက်ဈေးပျှမ်းမျှက ကျပ် သိန်း ၇၀ ဝန်းကျင်ပဲ။ တချို့က ကျပ် ၇၂ သိန်းနဲ့ ၇၃ သိန်းပေးဝယ်တာလည်းရှိတယ်” ဟု ငွေကြေးဈေးကွက်နှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာနှင့်အတူ တရုတ်ယွမ်ဈေး၊ ထိုင်းဘတ်ဈေးပါ ဆက်လက်ဈေးမြင့်တက်လာသည်။

မြန်မာကျပ်ငွေတန်ဖိုးနိမ့်ကျလာသောကြောင့် တရုတ်ယွမ်ဈေးသည် တစ်ယွမ်လျှင် ကျပ် ၈၂၀ ထိ ဈေးမြင့်တက်လာကာ ဆယ်ရက်အတွင်း ၁၀၅ ကျပ်နီးပါးဈေးမြင့်တက်လာခြင်းဖြစ်ပြီး ကျပ်တစ်သိန်းလျှင် ယွမ် ၁၂၁ သာရရှိတော့မည်ဖြစ်သည်။

ထို့ပြင် ထိုင်းဘတ်ဈေးတွင် တစ်ဘတ်လျှင် ၁၆၅ ကျပ်ဈေးရှိ၍ ယခု ၁၀ ရက်အတွင်း ထိုင်း တစ်ဘတ်လျှင် ၁၅ ကျပ် မြင့်တက်လာကြောင်းဈေးကွက်အတွင်းသိရသည်။

ယနေ့ ဩဂုတ် ၉ ရက်နေ့နံနက်ပိုင်းတွင် နိုင်ငံခြားငွေလဲ ဈေးနှုန်းများဆက်တိုက်မြင့်လာပြီးနောက် ညပိုင်းတွင် စစ်ကောင်စီ၏ ဗဟိုဘဏ်က ငွေကြေးတည်ငြိမ်ရေးကိုပျက်ပြားစေသည်ဟုဆိုကာ နိုင်ငံခြား ငွေလဲလုပ်ငန်းလူမှုကွန်ရက်စာမျက်နှာများအပါအဝင် တယ်လီဂရမ်ချန်နယ်များနှင့် လူပုဂ္ဂိုလ်နာမည် တို့ကို ဥပဒေနှင့်အညီဆောင် ရွက်မည်ဖြစ်ကြောင်းထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်သည် ဩဂုတ် ၁ ရက်နေတွင် (AD) လိုင်စင်ရဘဏ်များ Fx Trading Platform မှတစ်ဆင့် ‌စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများ၊ ဆေးဝါးနှင့် ဆေးဝါးနှင့်ဆက်စပ်သော ပစ္စည်းများတင်သွင်းသည့် ကုမ္ပဏီများနှင့် ဓာတ်မြေဩဇာ တင်သွင်းသည့်ကုမ္ပဏီများထံသို့ ထိုင်းဘတ် ၆၉ သန်းနှင့် တရုတ်ယွမ် ၉ သန်းတို့ကို ရောင်းချပေး မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပို့ကုန်လုပ်ငန်းရှင်များကို ပို့ကုန်ရငွေ၏ ၇၅ ရာခိုင်နှုန်းခံစားခွင့်ပြုခဲ့ပြီး ကျန် ၂၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ငွေလဲနှုန်းထားအတိုင်းလဲလှယ်ရမည်ဟု ငွေလဲနှုန်းကို ဖြေလျှော့ပေးခဲ့သည်။

စစ်ကောင်စီအာဏာသိမ်းထားသည့်ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု မရှိဘဲကျဆင်းခြင်း၊ နှစ်ရှည် ကုန်သွယ်မှုလိုငွေပြခြင်းနှင့် ကျပ်ငွေပိုမိုရိုက်ထုတ်ခြင်းများကြောင့် နိုင်ငံခြားငွေကြေးဈေးများ မြင့်တက် ပြီး ကျပ်ငွေတန်ဖိုးကျဆင်းနေမည်ဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ဒေါ်လာဈေးတက် #ရွှေဈေးတက် #ဘတ်ဈေးတက် #ယွမ်ဈေးတက် #ဗဟိုဘဏ်နိုင်ငံခြားငွေရောင်းမည် #Ayeyarwaddy_Times