နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၈ ရက်

ရှမ်းပြည်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ လွယ်ထွယ်ကျေးရွာအနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများနှင့် လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ထံက သိရသည်။

အဆိုပါကျေးရွာအနီးတွင် PNLA ၊ မဟာမိတ်တပ်များနှင့် စစ်ကောင်စီ တပ်ဖွဲ့တို့သည် ဩဂုတ် ၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အလောင်း ၁၀ လောင်း၊ ဒရုန်း တစ်စင်းနှင့် လက်နက် ၁၀ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ် ၃ ရက်နေမှ စတင်၍ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာများ အတွင်းသို့ လက်နက်ကြီးများဖြင့် တမင်သက်သက် ရမ်းသန်းပစ်ခတ်လျက်ရှိကာ ဒေသခံ ပြည်သူထိခိုက် သေဆုံးမှုများရှိကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ဩဂုတ် ၆ ရက်၊ ညပိုင်းကလည်း ဆီဆိုင်မြို့ အရှေ့မြောက်ဘက်ရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့များက လက်နက်ကြီးခြင့် ပစ်ခတ်ရာ မီရဲ့ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပအိုဝ်းစစ်ရှောင် နှစ် ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

လက်နက်ကြီးထိမှန် သေဆုံးခဲ့သူ နှစ်ဦးမှာ ထီရီးရွာမှ မီရဲ့ရွာသို့ စစ်ဘေးရှောင်နေသည့် ဆယ်ကျော်သက် အရွယ် အမျိုးသမီးများဖြစ်ပြီး စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ကျေးရွာအတွင်း ပစ်ခတ်ခြင်း ကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်းမှ ဒေသခံ ပြည်သူ ၃,၀၀၀ ဦးကျော် ထွက်ပြေးတိမ်းရှောင် ခဲ့ရကြောင်း သိရသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တို့က ဆီဆိုင်မြို့နယ်အတွင်းရှိ ပအိုဝ်း ကျေးရွာ၊ ပအိုဝ်းနယ်မြေအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ပြည်သူများ အနေဖြင့် သတိဝီရိယဖြင့် သွားလာကြရန် PNLA က တိုက်တွန်းထားသည်။

ဓာတ်ပုံ – PNLA
#ဆီဆိုင်မြို့ #လွယ်ထွယ်ရွာ #တိုက်ပွဲ #စစ်ကောင်စီတပ်ဖွဲ့ဝင် #အလောင်း၁၀လောင်း #လက်နက်များ #သိမ်းဆည်းရမိ #Ayeyarwaddy_Times