
ဧရာဝတီတိုင်းမ်
ဩဂုတ် ၈ ရက်
မန္တလေးတိုင်း ပြင်ဦးလွင်မြို့သည် စစ်ကောင်စီ၏ စစ်တက္ကသိုလ်တည်ရှိပြီး စစ်တပ်အသိုင်းအဝိုင်း အများဆုံးနေထိုင်သည့်မြို့ဖြစ်ကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ကောင်စီအရာရှိနှင့် မိသားစုများအပါအဝင် ရဲများပါ ထွက်ပြေးနေကြောင်း သိရသည်။
စစ်တိုင်းကြီးတစ်ခုဖြစ်သည့် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကြီး ကျသွားပြီးနောက် ပြင်ဦးလွင်ရှိ အရာရှိ မိသားစုများမှာ မန္တလေးနှင့် နေပြည်တော်ဘက်သို့ ပြောင်းရွှေ့ ထွက်ပြေးနေကြကြောင်း ဒေသခံများထံက သိရသည်။
“အရင်ဆုံးပြေးတာ စစ်တပ်ကလူတွေ၊ ဒေသခံရိုးရိုး အရပ်သားတွေက အချို့မပြောင်းနိုင်မရွှေ့နိုင်တဲ့ သက်ကြီးပိုင်းတွေကို အရင်ရွှေ့ပေးတာတော့ရှိတယ်။ သူတို့က အရင်ပြေးတာ။ အရာရှိတွေရော၊ ရဲတွေရော” ဟု ပြင်ဦးလွင် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မဟာမိတ်ပူးပေါင်းတပ်များက ရှမ်းမြောက် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မြို့များကို သိမ်းပိုက်ပြီး နောက် ပြင်ဦးလွင်မြို့သို့ ဆက်လက်၍လာရောက်သိမ်းပိုက်မည်မှာ မလွဲမသွေဖြစ်ခြင်းကြောင့် အခုလို ပြောင်းရွှေ့နေကြခြင်းဖြစ်ကြောင်း သိရသည်။
“စစ်တပ်က ပြန်တိုက်မယ်ဆိုတဲ့အတွေးတောင်မရှိတော့ဘူး။ သူတို့မိသားစုတွေကလည်း မယုံတော့ဘူး။ တထစ်ချကိုပြေးနေကြတာ။ ရဲတွေတောင်ပြေးပြီဆို တော့ ဘယ်နေလိမ့်မလဲ။ ပြည်သူအပေါ်ကို စေတနာ မရှိချက်ကတော့ သူတို့စစ်တပ်အကြီးပိုင်းတွေ ရဲတွေ ကြတော့ပြေးနေကြပြီး ရပ်ကွက်နေပြည်သူတွေ ကိုတော့မပြေးခိုင်းဘဲ သတင်းမှားတွေမယုံဖို့လိုက်ပြောနေတယ်” ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ် ကို ပြောသည်။
ထို့အပြင် စစ်ကောင်စီထောက်ခံ ဝါဒဖြန့်ချန်နယ်တစ် ခုဖြစ်သည့် People Media မှလည်း ပြင်ဦးလွင် သတိဟုဆိုကာ ရေးသားထားသည့်အတွက် စစ်တပ်မိသားစုဝင်များ ပိုမိုစိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။
စစ်ကောင်စီတပ်မှလည်း PDF ပူးပေါင်းတပ်ဖွဲ့များမှာ ပြင်ဦးလွင်ကို ဝင်ရောက်တိုက်ခိုက်မည်ဟူသည့် သတင်းများကြောင့် ခံစစ်ပြင်ဆင်ထားမှုများနှင့် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးတင်းကျပ်နေပြီး ပြင်ဦးလွင် ဝက်ဝံ နှင့် အင်ဝိုင်းကြားတွင် တိုက်ပွဲပြင်းထန်နေကာ လေကြောင်းမှနေ၍ ဗုံးကြဲချမှုများ ပြုလုပ်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်အရာရှိနှင့် မိသားစုများ၊ ရဲနှင့်ရဲမိသားစုဝင်များ၊ Non CDM အရာရှိတို့သည် ပြီးခဲ့ သည့် ဩဂုတ် ၆ ရက်နေ့ကတည်းက ပြင်ဦးလွင်မှနေ၍ ထွက်ပြေးတိမ်း ရှောင်သွားကြခြင်းဖြစ်သည်ဟု တပ် သတင်းရင်းမြစ်ထံက သိရသည်။
“ရန်ကုန်ပြောင်းကြတာ။ မန္တလေးကလည်း နေ့လား ညလားဖြစ်နေတော့ အဲဒီဘက်မပြေးရဲဘူး။ ဂိတ်တွေကလည်း အချင်းချင်းတွေဆိုတော့ လွှတ်ပေးတယ်။ တပ်က မပြောင်းပေးဘူး။ ခိုးပြောင်း ကြတာ။ သိရင်တပ်ထဲမှာပဲ နေခိုင်းမှာ။ ၁၆ မိုင်ဂိတ်မှာ စစ်ပေမယ့် အချင်းချင်းဆိုတော့ လွှတ်ပေးတာ ပါပဲ။ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပြေးကြရတာ” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ စစ်ကောင်စီ၏ တပ်မတော်သိပ္ပံနှင့် သုတေ သနနည်းပညာဌာနချုပ်(သသနတပ်)၊ စစ်အင်ဂျင်နီ ယာတပ်၊ တပ်မတော်ဆေးတပ်ရင်း၊ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ ထောက်ပို့တပ် များမှ အရာရှိများမှလည်း ၎င်းတို့မိသားစုဝင်များကို ပြောင်းရွှေ့ထားကြရန် ပြောဆိုကာ ၎င်းတို့ကိုယ်တိုင် ပြောင်းပြေးမှုများလည်းရှိကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ပြင်ဦးလွင် မိုးကြိုးကွက်သစ်ဘုရားကုန်းနှင့် အထပ်မြင့်များ၌ စနိုက်ဘာ များဖြင့် အင်အားတိုးချဲ့၍ ခံစစ်ပြင်ဆင်ထားကြောင်း သိရသည်။
အလားတူ စစ်ကောင်စီက မန္တလေးမြို့ ကျုံးမြောက် ဘက်နံရံတံတိုင်းပေါ်တွင် သဲထည့်ထားသည့် ဆာလာ အိတ်များအထပ်ထပ်ကာရံ၍ အထပ်မြင့်နှင့် မန္တလေးတောင်တွင် အင်အားအများအပြားဖြင့် ခံစစ် ပြင်ဆင်ထားပြီး သင်တန်းသားသစ်များကို အသုံးပြုထားကြောင်း သိရသည်။
ထို့အပြင် မန္တလေးနန်းတွင်းထဲတွင် တပ်ကြပ်ကြီးစာရေးများအပါအဝင် အရာရှိများကိုပါ Jammer (ရေဒီယိုလှိုင်း နှောက်စက်) နှင့် ပတ်သက်၍ ရက်တို သင်တန်းပေးကာ သင်ကြားမှုများပြုလုပ်နေသည်ဟု တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ပုံစာ -ပြင်ဦးလွင်မှ မန္တလေးဘက်သို့ ပြောင်းရွှေ့ လာနေသည့် ကားတန်း
#မန္တလေး #ပြင်ဦးလွင် #စစ်တပ် #မိသားစု #ရဲများ #ထွက်ပြေး #Ayeyarwaddy_Times