“လျှောက်တဲ့လမ်းတွေ မတူပေမယ့် ရည်မှန်းချက် ပန်းတိုင်ကိုတော့ မျက်ခြေမပြတ် ဆက်လျှောက်နေကြဆဲပဲ” (ဦးမြအေး)

ဧရာဝတီတိုင်းမ်
ဩဂုတ် ၈ ရက်

မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးနောက် ဖြစ်ပေါ်ခဲ့တဲ့ အရေးအခင်းများအနက် ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး အရေးတော်ပုံဟာ ယခုဆိုလျှင် ၃၆ နှစ်တိုင် ရှိခဲ့ပြီဖြစ်ပါတယ်။

၈၈ အရေးအခင်းကတည်းက ကြွေးကြော် တောင်းဆိုသံတွေဟာ လက်ရှိ ၂၁ နွေဦးတော်လှန်ရေး ကာလမှာ မည်မျှအထိ ခရီးရောက်ပေါက်ခဲ့ပြီး မည်ကဲ့သို့ သိသာပြောင်းလဲတဲ့ ကွာဟချက်တွေရှိနေပါသလဲ။

အဲ့ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရှစ်လေးလုံး၊ ၂၀၀၇ (ရွှေဝါရောင်) နှင့် လက်ရှိ ၂၀၂၁ အရေးအခင်းထိတိုင် ဖမ်းဆီးခံခဲ့သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးမြအေးကို ဧရာဝတီတိုင်းမ် သတင်းဌာနမှ အကြီးတန်း သတင်းထောက် နိုင်မင်းလွင်က ဆက်သွယ်မေးမြန်းထားပါတယ်။

♦️ဧရာဝတီတိုင်းမ် ။ ။ ရှစ်လေးလုံး အရေးတော်ပုံကြီးက အခုဆိုရင် ၃၆ နှစ်ရှိပြီ။ အဲဒီတုန်းက အမှတ်ရစရာ သတိရစရာ တစ်ခုခုကို ပြောပြပါဆိုရင် ဦးမြအေး ဘာများပြောချင်ပါလဲ။

ဦးမြအေး ။ ။ အမှတ်ရစရာတွေကတော့ အများကြီးပဲပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့ မှတ်မှတ်ရရ ဖြစ်နေတဲ့ ဖြစ်ရပ်တွေက များလေတော့ အဲဒီထဲက တစ်ခုကို ထုတ်နှုတ်ပြောရမယ်ဆိုရင် အဲဒီကာလတွေမှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေနဲ့ လူထုအရေးတော်ပုံကြီးကို လမ်းလွှဲဖို့ ကြိုးစားခဲ့ကြတာရှိတယ်။ တောင်ကြီး၊ ပြည်မှာ အဲဒီလို လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဖန်တီးပြီးမှ လူထုအရေးတော်ပုံကြီး မဖြစ်အောင် လမ်းလွှဲခဲ့တာ ရှိခဲ့ဖူးတယ်။

သို့သော်လည်းပဲ ၈ ရက် ၈ လ ၈၈ ခုနှစ်ကို ရောက်တဲ့အခါကျတော့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုအားလုံး လူမျိုးဘာသာဆိုတဲ့ဟာက နောက်ကိုရောက်သွားပြီးတော့ ပြည်သူလူထု အားလုံးက ကိုယ်လိုချင်တဲ့ စနစ်တစ်ခုအတွက်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်အတွက် လမ်းပေါ်ထွက်ပြီး တိုက်ပွဲဝင်ခဲ့တယ် ဆိုတဲ့ဟာကတော့ ကြက်သီးမွေးညင်း ထလောက်အောင်ကို ကြီးကျယ်ခမ်းနားခဲ့ပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ မမေ့နိုင်တဲ့ ဖြစ်ရပ်တစ်ခုပါပဲ။

♦️ဧရာဝတီတိုင်းမ် ။ ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ ပါဝင်နေမှု အခြေအနေတွေကိုရော ဘယ်လိုသုံးသပ်မိပါသလဲ။

ဦးမြအေး ။ ။ ဒီလိုဗျ။ ၈၈ ကျောင်းသားခေါင်းဆောင်ရယ်လို့ ကျွန်တော်မသုံးချင်ဘူး၊ ကိုယ့်ကိုယ်ကိုလည်း အဲဒီလို မသုံးချင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ပြည်သူလူထု တစ်ရပ်လုံးလည်း ပါခဲ့ကြတာဆိုတော့လေ။ အဲဒီထဲမှာ အလွှာအသီးသီးရှိသလို မျိုးဆက်အလိုက် ကြည့်မယ်ဆိုရင် ၆၂၊ ၇၄၊ ၇၅၊ ၇၆ ဒီဘက်မှာ ၈၈၊ ၉၆၊ ၉၈၊ ၂၀၀၇ အခုတော့ ၂၀၂၁ ပေါ့ဗျာ။ အစရှိတဲ့ မျိုးဆက်အသီးသီး ရှိတယ်။

ကျွန်တော်တို့ မျိုးဆက်အလိုက် ပိုင်းဖြတ်ပြောမယ်ဆိုရင် ၈၈ မျိုးဆက်ထဲမှာ ရှိခဲ့ကြတဲ့၊ ပါခဲ့ကြတဲ့ ပြည်သူလူထုအားလုံးပေါ့၊ ကျောင်းသားခေါင်းဆောင်ရယ်လို့ မဟုတ်ပါဘူး။ အားလုံးကို ညွှန်းချင်ပါတယ်။ အခုအချိန်မှာလည်း သူတို့လိုချင်တဲ့ ပန်းတိုင်အတွက်ကျရာကဏ္ဍ အသီးသီးကနေပြီး တစ်ယောက်နဲ့တစ်ယောက်ကတော့ နည်းနာတွေ၊ သဘောထားတွေ တူချင်မှတူမယ်။ ဒါပေမယ့် ကွဲလွဲခွင့်တွေ ဘယ်လောက်ပဲရှိရှိ လျှောက်နေတဲ့ ရည်မှန်းချက် ပန်းတိုင်ကတော့ လျှောက်တဲ့လမ်းတွေ မတူပေမယ့်လည်း ရည်မှန်းချက် ပန်းတိုင်ကိုတော့ မျက်ခြေမပြတ် ဆက်လျှောက်နေကြဆဲပဲလို့ အားလုံးကို ကျွန်တော်ယုံကြည်တယ်။

♦️ဧရာဝတီတိုင်းမ် ။ ။ ၈၈ မျိုးဆက်အနေနဲ့ လက်ရှိမျိုးဆက်သစ် လူငယ်တွေကို ဘယ်လိုမြင်မိသလဲ။ ဘာတွေများ စကားပါးချင်ပါသလဲ။

ဦးမြအေး ။ ။ မျိုးဆက်ရဲ့ သဘောတရားအရ မျိုးဆက်သစ်က မျိုးဆက်ဟောင်းရဲ့ ပခုံးပေါ်ကို တက်ရမှာပဲလို့ ကျွန်တော်မြင်တယ်။ ဆိုလိုတာက ခေတ်ကလည်း မတူဘူး၊ ပြောင်းလဲသွားတဲ့ အခြေအနေတွေပေါ်မှာ။ ဥပမာအားဖြင့် ကျွန်တော်တို့ ၈၈ တော်လှန်ရေးကြီး ဖြစ်လာတာက အုန်းကနဲ ဗုန်းကနဲ သူ့ဘာသူထဖြစ်တာ မဟုတ်ဘူးလေ၊ ကျွန်တော်တို့ရဲ့ စီနီယာတွေရှိတယ်။

၆၂၊ ၇၄၊ ၇၅၊ ၇၆ တို့ရဲ့ ဖြတ်သန်းမှုတွေ၊ အတွေ့အကြုံတွေနဲ့ သူတို့ ဘာကြောင့် ဒီလိုတွေ လုပ်ခဲ့တယ် ဆိုတဲ့ဟာတွေက ကျွန်တော်တို့ကို တိုင်းပြည်အတွက် လိုအပ်ချက်တွေကို လုပ်ဖို့အတွက် တွန်းအားတစ်ခု ဖြစ်လာတယ်လို့ မြင်ပါတယ်။ တကယ်လည်း အဲဒီအတိုင်း ဖြစ်ခဲ့တယ်။ ဥပမာ – ကျွန်တော်တို့ နိုင်ငံရေး လုပ်တယ်ဆိုတာက ရိုးရိုးသားသား ဝန်ခံရရင် နိုင်ငံရေးကို သိလို့တတ်လို့ ကျွန်တော်တို့ လုပ်ခဲ့သူတွေ မဟုတ်ဘူး။

ကျွန်တော့်အနေနဲ့ တိုင်းပြည်ပြောင်းလဲချင်တဲ့ ဆန္ဒရှိတာတော့မှန်တယ်၊ သို့သော် နိုင်ငံရေးကို ကျွမ်းကျင်လို့ သိလို့တတ်လို့ လုပ်တာမဟုတ်ဘူး။ လူငယ်ဆိုတော့ တက်ကြွတယ်၊ လန်းဆန်းတယ်၊ ရဲရဲရင့်ရင့် လုပ်တတ်ကိုင်တတ်တဲ့ စိတ်တွေရှိတယ်။ နောက်တစ်ခုက ခေတ်တွေမတူဘူး။ အခုခေတ်နဲ့ လွန်ခဲ့တဲ့ ၃၆ နှစ်က အရမ်းကွာသွားတယ်။

နည်းပညာပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေကလည်း အရမ်းကွာတော့ အခုလူငယ်တွေအနေနဲ့ ကျွန်တော်တို့ ပခုံးပေါ်ကတစ်ဆင့်၊ နင်းပြီးတော့ သူတို့ပိုပြီး မြင်နိုင်စွမ်းရှိတယ်လို့ ကျွန်တော်တို့က အဲ့ဒီလို ခံယူတယ်။ နိုင်ငံရေးလုပ်မှ မဟုတ်ဘူး၊ ဘယ်ကိစ္စ၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် နောက်မျိုးဆက်သစ်ဟာ အရင်မျိုးဆက်တွေထက် ပိုပြီးထက်မြက်နေဖို့ လိုတယ်။

အခုလည်း ထက်မြက်နေတယ်လို့ မြင်တယ်။ ဒါမှလည်း တိုးတက်မှုက ရှိတာကိုး။ သမိုင်းရဲ့ သဘောတရားအရလဲ ဒီအတိုင်းပဲ သွားပါတယ်။ အခုလူငယ်တွေဟာ သူတို့သန်ရာသန်ရာ နည်းလမ်းတွေက ကွာချင်ကွာမယ်။ ကျွန်တော်တို့နဲ့ တူတာလည်းရှိမယ်၊ ကွာတာလည်းရှိမယ်။ မည်သို့ပင် ဆိုစေကာမူ တိုင်းပြည်ချစ်စိတ်ကတော့ ကျွန်တော်တို့ထက် မလျော့ဘူးလို့ ယုံကြည်တယ်။

♦️ဧရာဝတီတိုင်းမ် ။ ။ ၈၈၈၈ ကာလ တောင်းဆိုချက်တွေကရော လက်ရှိ ၂၁ ကာလမှာ ဘယ်လောက်ခရီး ရောက်နေပြီလို့ ယူဆပြောလို့ရမလဲ။

ဦးမြအေး ။ ။ နှစ်တိုင်းနှစ်တိုင်း အဲ့ဒီ အမေးတွေရှိသလို နှစ်တိုင်းနှစ်တိုင်း ဖြေရတာ ၃၆ နှစ်ရှိပြီလို့ ထင်တယ်ဗျ။ ဘာလို့ဆိုတော့ ၈၈ တုန်းက ပါတီစုံဒီမိုကရေစီ အရေးပေါ့ဗျာ။ အဲဒီတော့ ဒီဟာက အခုထက်ထိ လိုလား ချက်တွေ ပြည့်ဝပြီလားဆိုတော့ လူအလို နတ်တော့ မလိုက်နိုင်ဘူးပေါ့။ ဒါပေမယ့် ခရီးတစ်ခုတော့ ရောက်ခဲ့တယ်၊ ပန်းတိုင်တော့ မရောက်သေးဘူးလို့ ကျွန်တော်မြင်တယ်။

အဲဒီတော့ မေးစရာရှိတယ်။ ပန်းတိုင်က ဘာလဲ၊ ဘယ်လဲပေါ့။ ရှင်းပါတယ်၊ ဒီနေ့နိုင်ငံရေး လိုအပ်ချက်အရ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး ဖြစ်သွားရင်တော့ ကောင်းတာပေါ့။ အခုခက်တာက လမ်းစကိုလုံးလုံး အခုအခြေအနေမှာ မတွေ့သေးဘူးလို့ ကျွန်တော်တော့ မြင်တယ်လေ။ ဆိုတော့ ၈၈ ရည်မှန်းချက် ဆိုတဲ့ဟာကတော့ နှစ်တိုင်းပဲ ဒီအတိုင်းပဲ ထောက်ပြတာ၊ နောက်ထပ် ၃၆ နှစ်တော့ ဒီမေးခွန်းကို မဖြေချင်တော့ဘူး၊ ရောက်ချင်ပြီ အဲဒီလိုပဲ ပြောချင်ပါတယ်။

♦️ဧရာဝတီတိုင်းမ် ။ ။ လက်ရှိ ၂၁ တော်လှန်ရေးနဲ့ ၈၈ ကာလအကြား မတူညီမှုတွေက ဘာတွေဖြစ်နိုင်မလဲ။ ဘာတွေသိသာ ပြောင်းလဲစေခဲ့သလဲ။

ဦးမြအေး ။ ။ ကျွန်တော်တို့ ၈၈ တုန်းကတော့ လူထုလှုပ်ရှားမှု အသွင်သဏ္ဍာန်နဲ့ပဲ သွားတယ်။ တစ်နည်းအား ဖြင့် ပြောမယ်ဆိုရင် non violence သဘောတရားပေါ်မှာ အခြေခံပြီးသွားတယ်။ ဒါကလည်း လူထုခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အဲဒီအတိုင်းပဲ သွားခဲ့ကြတာကိုး။ ၈၈ တုန်းက လက်နက်ကိုင် တော်လှန်ရေးကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ပေါ်လာတယ် ဆိုပေမယ့် ဒီဘက် ပြည်တွင်း လူထုလှုပ်ရှားမှုကို ပိုပြီးစောင်းပေးတယ်လို့ မြင်တယ်။

အခုကတော့ တိုင်းပြည်ရဲ့ အခြေအနေက စစ်ရေးဘက်ကို အကဲပိုတယ်လို့ မြင်တယ်။ ဒါကလည်း မှန်ခြင်း၊ မှားခြင်း ဆိုတာထက် ဖြစ်လာတဲ့ အကြောင်း တရားတွေရှိလို့ ဖြစ်တာကိုး။ ဆိုတော့ ကျွန်တော်မြင်တာကတော့ ပုံသဏ္ဍာန်ခြင်းကတော့ သိပ်ပြီးတော့မှ ထပ်တူထပ်မျှ မဖြစ်ဘူးပေါ့နော်။

သို့သော်လည်း အနှစ်သာရ အားဖြင့်တော့ ပြောင်းလဲခြင်း မရှိဘူးလို့ မြင်ပါတယ်။ တစ်ခုတော့ ကျွန်တော်ပြောချင်တာ နိုင်ငံရေးဆိုတာ ပစ်ပယ်လို့တော့ မရဘူး၊ နိုင်ငံရေးမရှိတဲ့ တော်လှန်ရေးဆိုတာ မရှိဘူးဗျ။ အဲဒါကိုတော့ အားလုံး မျက်ခြေမပြတ်စေချင်ဘူး။

♦️ဧရာဝတီတိုင်းမ် ။ ။ အနာဂတ်ဖက်ဒရယ် နိုင်ငံတော်အတွက် ဦးမြအေး စဉ်းစား မျှော်မြင်ထားတာများရှိရင် ပြောပြပေးစေချင်ပါတယ်။

ဦးမြအေး ။ ။ တိုင်းပြည်မှာရှိနေတဲ့ တကယ့်အရင်းအမြစ် ပြဿနာက ၁၉၄၈ လွတ်လပ်ရေး ရ ကတည်းက တိုင်းရင်းသားအရေးကို မဖြေရှင်းနိုင်ခဲ့ဘူး။ လွတ်လပ်ရေး မတိုင်ခင်တုန်းက ကျွန်တော်တို့ ပင်လုံစာချုပ် ချုပ်တယ်ဆိုတာက သူရဲ့ အတွင်းအနှစ်သာရကိုက တိုင်းရင်းသား အခွင့်အရေး တန်းတူညီမျှ ဖြစ်ဖို့အတွက်ကို အားလုံးက သဘောတူညီခဲ့ကြတယ်။

ဒါပေမယ့် တကယ့်လက်တွေ့မှာ ကျွန်တော်တို့ အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ မဖော်နိုင်ခဲ့တဲ့ အတွက်ကြောင့်မို့လို့ ပြည်တွင်းစစ်သံသရာကြီးက၊ လူမျိုးစု ပြဿနာကြီးက ဘယ်လိုမှ ဖြေရှင်းလို့မရဘဲ အခုဆို နှစ်ပေါင်းများစွာ ကြာခဲ့ပြီပေါ့နော်။ ဆိုတော့ အနာဂတ် ဖက်ဒရယ် တည်ဆောက်တဲ့အခါ၊ နောက်တစ်ခုက ခေတ်တွေ အခြေအနေတွေ ပြောင်းသွားတာနဲ့အမျှ တိုင်းရင်းသား အင်အားစုတွေရဲ့ တိုးတက်လာတဲ့ အနေအထားတွေ၊ နောက်တစ်ခုက လက်နက်ကိုင် တော်လှန်ရေး လုပ်နေတဲ့ အင်အားစုတွေရဲ့ ပါဝါအနေအထားတွေကလည်း အရွေ့အပြောင်းတွေ အများကြီးရှိတယ်။

ဆိုတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့အခါမှာ အခြေခံအားဖြင့် အချက်တွေကတော့ မြန်မာနိုင်ငံကို ပြည်နယ်တွေနဲ့ ဖွဲ့စည်းရမယ်။ နောက်တစ်ခုက ပြည်နယ်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေ ရှိဖို့လိုအပ်တယ်။ နံပတ်သုံးကတော့ ပြည်နယ်ဆိုင်ရာ တန်းတူညီမျှ အခွင့်အရေးတွေကို ဖော်ဆောင်နိုင်ဖို့အတွက် သွားရမယ်။ ဘယ်လိုပြည်နယ်လဲ၊ ဘယ်လိုလဲ Format Data အရမ်းကျယ်ဝန်းလိမ့်မယ်လို့ ထင်တယ်လေ။ ဒါပေမယ့် သေချာတာကတော့ Bottom up ပဲ သွားရလိမ့်မယ်။ Top down ဆိုပြီး အပေါ်ကနေ ချပေးတဲ့ ပုံစံမျိုးက အလုပ်မဖြစ်ဘူးလို့ ထင်တယ်။

ဥပမာအားဖြင့် ရှမ်းပြည်အတွင်းမှာ ဆိုလို့ရှိရင် အခုဆိုပဋိပက္ခတွေ ပြင်းထန်နေတယ်။ တိုင်းရင်းသားတွေရဲ့ လိုလားတောင့်တချက်တွေကလည်း ပြည်နယ်ဆိုင်ရာ အခွင့်အရေးဆိုပြီး တော်တော်များများ တောင်းနေတာတွေရှိတယ်။ အဲဒါတွေ အကုန်လုံးက ပြည်နယ်တွင်းဆိုင်ရာ ဆွေးနွေးပွဲတွေနဲ့ တိုင်းရင်းသားအချင်းချင်း ညှိနှိုင်းမှုတွေ လိုအပ်တယ်လို့ ကျွန်တော်မြင်တယ်။ ပြီးတော့မှ ပြည်ထောင်စုအဆင့်ကို တက်ရမယ်လို့ မြင်တယ်။

♦️ဧရာဝတီတိုင်းမ် ။ ။ ဦးမြအေးအနေနဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာမှာ ထောင်က လွတ်လာစဉ်က ပြည်သူတွေနဲ့ အတူတူရှိနေပါတယ်လို့ ပြောဆိုထားတော့ ဒါနဲ့ပတ်သက်ပြီး လက်ရှိမှာ ဘာတွေပြောပြ ပေးလို့ရနိုင်မလဲ။

ဦးမြအေး ။ ။ ကျွန်တော်တို့က လူတွေကြားထဲ လျှောက်သွားတဲ့အခါကျတော့ ညီးတွားသံတွေ ကြားရတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ညီးတွားနေရတာပဲလေ။ ဘာလို့ဆိုတော့ ကာလတွေ မတူဘူး၊ ကုန်စျေးနှုန်းတွေ ကြီးမြင့်၊ လူထုက လွတ်လပ်ခွင့်တွေ ပျောက်ဆုံးတော့ စိတ်ချမ်းသာမှုမှ မရှိတာ။ အခုလူမှုကွန်ရက် စာမျက်နှာပေါ်ကို တက်လိုက်လို့ရှိရင် သွေးထွက်သံယိုမှုတွေပဲ တွေ့နေရတာပဲ။ ဒါပေမယ့် အဲဒါတွေတွေ့လို့ ရွှေပြည်အေးတရား တိုက်ကျွေးလို့ရတဲ့ အခြေအနေလည်းမဟုတ်။

ဆိုတော့ ပြည်သူလူထုက အမှန်အတိုင်းပြောရရင် လမ်းစတော်တော် ပျောက်နေပြီလို့ မြင်တယ်။ နိုင်ငံရေးမှာ နည်းနည်းတော့ နားလည်ဖို့လိုတယ်။ ပြည်သူလူထုရဲ့ နိုင်ငံရေးက ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စားဝတ်နေရေးဗျ။ အခြေခံ လူတန်းစားတွေ အတွက်ကလေ။ အဲဒါပြီးမှ ကျန်တဲ့ကိစ္စတွေ စဉ်းစားတာ။ လူရဲ့သဘာဝပဲလေ။

နိုင်ငံရေးသမားတွေကျတော့ နိုင်ငံရေးစကားတွေ ပြောတာပေါ့ဗျာ။ ဒီမိုကရေစီအရေးတို့၊ ဖက်ဒရယ်အရေးတို့ပေါ့။ အထူးသဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်မယ်ဆိုတာက ကြွေးကြော်သံ မဟုတ်တော့ဘူး၊ နိုင်ငံရေး လိုအပ်ချက် ဖြစ်သွားပြီ။ အဲဒီလိုအပ်ချက်ကို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ဟာကိုတော့ ဆိုင်ရာဆိုင်ရာ အသီးသီးက စဉ်းစားဖို့လိုတယ်။

အဲဒါကြီးကို အခုထက်ထိ ငြင်းပယ်နေဦးမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည် အဆိုးဘက်ကို ရောက်သွားမှာ အရမ်းစိုးရိမ်တယ်။ ဖြစ်နိုင်ရင်တော့ ဒီနေ့ဒီအခါမှာ ဖက်ဒရယ် ဒီမိုကရေစီရေးဆိုင်ရာ ကိစ္စရပ်တွေကို ဦးတည်တဲ့ နိုင်ငံရေး အခင်းအကျင်းတွေ ပေါ်ပေါက်ဖို့အတွက် လုပ်ဖို့လိုအပ်တယ်လို့ လက်ရှိတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို တိုက်ရိုက်ပြောချင်ပါတယ်။

♦️ဧရာဝတီတိုင်းမ် ။ ။ ဒီနေ့လို အထိမ်းအမှတ်နေ့မှာ ကိုဂျင်မီအတွက် သတိတရရှိတာမျိုးရှိရင် ပြောပြပေးစေချင်ပါတယ်။

ဦးမြအေး ။ ။ ကိုဂျင်မီကတော့ ကျွန်တ်ေအရင်းနှီးဆုံး သူငယ်ချင်း၊ ညီအစ်ကိုလည်း ညီအစ်ကိုပေါ့။ အခုဖြစ်တဲ့ ပဋိပက္ခတွေ ကြားထဲမှာ ကျွန်တော်ညီအစ်ကိုတစ်ယောက်၊ ဒါကတော့ဗျာ ကျွန်တော်တို့ ကျောင်းသားသမိုင်းမှာဆိုရင် ဆလိုင်းတင်မောင်ဦးရဲ့ နောက်ပိုင်းမှာ ကိုဂျင်မီတို့၊ ကိုဇေယျာသော်တို့ ကြိုးပေးခံရတဲ့ကိစ္စ ဖြစ်လာပေါ့။ အနိဋ္ဌာရုံပဲဗျ။ တော်တော်ဆိုးတဲ့ အနိဋ္ဌာရုံပဲ။

အကယ်၍သာ အဲဒီအခြေအနေကြီး မဖြစ်ခဲ့ဘူးဆိုရင်တော့ ကောင်းတာပေါ့။ ဒါက ကိုဂျင်မီတစ်ယောက်တည်းကို ကျွန်တော်ပြောတာ။ ဒီလိုပဲ ကိုဂျင်မီတွေ များစွာရှိဦးမှာပဲ။ ဘာလိုပဲဖြစ်ဖြစ် ကျွန်တော်တို့က လူအသက်တွေ သေနေတယ် ဆိုတဲ့ဟာကိုတော့ ကျွန်တော်မကြိုက်ဘူး။ အဲဒါကိုသွားပြီး မေတ္တာထားပါလို့ ဘာတို့ညာတို့လည်း ဘယ်ဖက်ကိုမှ ပြောလို့ရမှာ မဟုတ်ဘူး။

ကျွန်တော်မြင်တာကတော့ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ဆိုရင်၊ မြန်မာပြည်သူတွေ ဆက်ပြီးတော့ မသေဖို့ဆိုရင် နိုင်ငံရေးဆိုင်ရာ ကြီးမားတဲ့ ပြုပြင်ပြောင်းလဲရေးကို သတ္တိရှိရှိနဲ့ လုပ်ဖို့လိုမယ်လို့ မြင်ပါတယ်။

♦️ဧရာဝတီတိုင်းမ် ။ ။ မေးတဲ့အထဲ ပြောလိုတာများ ကျန်ရှိခဲ့ပါက ဖြည့်စွက်ပြောပေးပါ။

ဦးမြအေး ။ ။ ဟုတ်ကဲ့ မရှိတော့ပါဘူး။

♦️ဧရာဝတီတိုင်းမ် ။ ။ အခုလို အချိန်ပေး ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။

ဦးမြအေး ။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

#၈၈မျိုးဆက် #ကျောင်းသားခေါင်းဆောင် #ဦးမြအေး #အင်တာဗျုး #Ayeyarwaddy_Times