ဧရာဝတီတိုင်းမ်
ဩဂုတ် ၇ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အနီးကျေးရွာများသို့ လားရှိုးနှင့် မိုးကုတ်မြို့မှ စစ်ကောင်စီဝန်ထမ်းများ တိမ်းရှောင်ပြီး လာရောက်နေထိုင်ကြကြောင်း ဒေသခံများထံက သတင်းရရှိသည်။

ပုသိမ်မြို့အနီးရှိမြို့မ(၂)၊ ကြက်ပေါင်နှင့်ရွာသစ်စသောတိုက်နယ်ကျေးရွာများတွင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများက အိမ်ပွဲစားများကိုငွေကြေးအမြောက်အများပေး၍ ငှါးရမ်းနေထိုင်ကြကြောင်း အိမ်အငှားလုပ်ဆောင်သူများထံက သိရသည်။

“အခုတလော ရွာတွေထဲကို အိမ်လိုက်ငှားနေတာမနည်းဘူး။ လားရှိုးတို့မိုးကုတ်ကသူတွေချည်းပဲများတယ်။ ငှားတဲ့သူတွေက ထွေအုပ်တို့ ဆည်မြောင်းတို့ သမဝါယမ ရုံးဝန်ထမ်းတွေဒီဘက်လာရှောင်ကြတာပေါ့။ အိမ်အခန်းငှားခဆိုရင် ငါးသိန်းကနေ ၁၅သိန်းလောက်ပေးပြီးတော့ကိုငှားခိုင်းတာ။ ရွာတွေမှာက အိမ်ငှားပေးဖို့ခက်တယ်လေ။ မြို့ထဲကျတော့ မနေရဲလို့ဆိုပြီးတော့ ရွာထဲအိမ်ရှာခိုင်းပြီးတော့ငှားခိုင်းတာများနေတာ” ဟု ပုသိမ်မြို့ခံအိမ်အငှားလုပ်ဆောင်သူတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

ကျေးရွာအတွင်းရှိ နေအိမ်အလွတ်များအားငှားရမ်းမှုအပြင် အဆောင်ငှါးရမ်းမှုများလည်းရှိနေပြီး မိသားစုလိုက်ပြောင်းရွှေ့မှုများရှိနေကြောင်း ဒေသခံများထံကသိရသည်။

“ အိမ်လိုက်ငှားတာမနည်းဘူး။ မြို့မှာ တိုက်ပွဲဖြစ်နေလို ခဏစစ်ရှောင်ချင်လို့ပါလို့ပြောတယ်။ ကျွန်တော်တို့ ရွာဘက်တွေမှာတော့ အိမ်ငှားပွဲစားတွေ ရှာနေကြတယ်။ ရွာတွေမှာက အိမ်အငှားဆိုတာ မကြားဘူးပါဘူး။ အိမ်ခန်းငှားတာတို့အဆောင်ပုံစံနေတဲ့ပုံစံတွေပါလုပ်နေကြတာ” ဟု ကြက်ပေါင်တိုက်နယ်ကျေးရွာဒေသခံတစ်ဦးကဆိုသည်။

အလားတူ မြောင်းမြမြို့နယ်တွင်လည်း ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးအပတ်အတွင်းကလားရှိုးမြို့နယ်မှ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းမိသားစုများ ပြောင်းရွှေ့လာခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

#လားရှိုး #မိုးကုတ် #စစ်ကောင်စီဝန်ထမ်းများ #ဧရာဝတီတိုင်း #တိမ်းရှောင်မှုများလာ #Ayeyarwaddy_Times