
ဧရာဝတီတိုင်းမ်
သြဂုတ် ၇ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီက ရဟတ်ဖြင့် လက်နက်ခဲယမ်းများ ဖြည့်တင်းနေကြောင်း ဒေသခံများထံက သိရသည်။
ယနေ့ သြဂုတ်လ ၇ ရက် မနက် ၂ နာရီခန့်ကစ၍ ဟားခါးအခြေစိုက် ရုန်းတောင် တပ်စခန်းသို့ ရဟတ်ယာဉ်တစ်စီးကလက်နက်ခဲယမ်းများကို လေထီးဖြင့် ချပေးခြင်းဖြစ်သည်။
“မနက်အစော လာတုန်းက တစ်ညလုံး လေယာဥ်အသံတွေချည်းဘဲ ကြားရတယ်။ မနက်မိုးလင်းမှ လေယာဥ်ထပ်လာပြီး လေထီးနဲ့ အထုတ်ပိုးတွေနဲ့ လက်နက်ခဲယမ်းတွေ ချပေးတာ သိရတယ်။”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဟားခါးမြို့တွင် ယမန်နေ့ သြဂုတ်လ ၆ ရက် ညနေပိုင်းက ပစ်ခတ်သံများ ကြားနေရပြီး ယနေ့ နံနက်အစောပိုင်း ရဟတ်ယာဥ်လာရောက်စဥ်လည်း ပစ်ခတ်သံများ ကြားနေရကြောင်း ၎င်းကဆိုသည်။
ဟားခါးနှင့် ထန်တလန်မြို့ကြားရှိ စစ်ကောင်စီတပ်စခန်းများ အားလုံးကျဆုံးပြီးနောက် ဟားခါးမြို့ကို စစ်ကောင်စီက ယခုကဲ့သို့လက်နက်အင်အား ဖြည့်တင်းခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ် (ဟားခါး)က ဆိုသည်။
“ကျွန်တော်တို့ ဟားခါး – ထန်တလန်ကြားက တပ်စခန်းအားလုံး သိမ်းပိုက်ရရှိပါပြီ။ အခု မြို့ထဲက တပ်ရင်း၊ တပ်စခန်းတွေဘဲ ကျန်တော့တယ်။ အဲ့ဒီတပ်ရင်း၊ တပ်စခန်းတွေကို စစ်တပ်က လက်နက်အင်အား ဖြည့်တင်းတာဖြစ်မယ်။”ဟု CDF(ဟားခါး) တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့ကလည်း ဟားခါးမြို့မ ရဲစခန်းကို CDF (ဟားခါး)မှ ဝင်ရောက်စီးနင်းသိမ်းပိုက်ရရှိပြီး စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအများပြား သိမ်းဆည်းရမိထားသည်။
#ဟားခါးမြို့# စစ်ကောင်စီ #ရဟတ်ယာဉ် #လက်နက်ဖြည့်တင်း #Ayeyarwaddy_Times