ဧရာဝတီတိုင်းမ်
ဩဂုတ် ၇ ရက်

အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်( ရမခ) ကျသွားပြီးနောက်ပိုင်းတွင် စစ်တပ်မြို့တော်ပြင်ဦးလွင်မြို့ရှိ စစ်တပ်မိသားစုဒေသခံများအပါအဝင် နယ်မြို့များရှိစစ်ဘေးရှောင်များပြောင်းရွှေ့နေထိုင်မှုကြောင့် ဝါတွင်းကာလမှာပင်ရန်ကုန်မြို့အိမ်ခြံမြေဈေးမြင့်တက်နေကြောင်း သတင်းရရှိသည်။

ဝါတွင်းကာလတွင် ရန်ကုန်မြို့ရှိအိမ်ခြေံမြေဈေးကွက်အတွင်း တိုက်ခန်းအငှားနှင့် လုံးချင်းအိမ်အငှားများပြားပြီး ဈေးမြင့်တက်နေကြောင်း လိုင်စင်ရအိမ်ခြံမြေပွဲစား အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း တိုက်ခန်းတစ်ခန်းအငှားဈေးနှုန်းသည် ကျပ် ခုနစ်သောင်းမှ တစ်သိန်းခွဲကြား၊ လုံးချင်းအိမ်အငှားဈေးနှုန်းသည် ကျပ် နှစ်သိန်းမှ သုံးသိန်းကြားဈေးမြင့်တက်လာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)မြို့တော် လားရှိုးမြို့ကို တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ပြီး နောက်ပိုင်းတွင် ယင်းမြို့နှင့်နီးစပ်ရာမြို့များအပါအဝင် စစ်သင်တန်းကျောင်းများအခြေစိုက်ရာပြင်ဦးလွင်မြို့မှ စစ်တပ်မိသားစုဝင်များနှင့် ဒေသခံများ ရန်ကုန်မြို့သို့ပြောင်းရွှေ့လာမှုများကြောင်း ပြင်ဦးလွင်မြို့ခံတစ်ဦး က ပြောကြားသည်။

“အရင်ရက်ပိုင်းနောက်ချိုတိုက်နေတုန်းက ပြင်ဦးလွင်ကလူတွေ မန္တလေးပြောင်းတာများတယ်။ အခုလားရှိုးကျ သွားတော့ မန္တလေးခပ်လှုပ်လှုပ်ဖြစ်နေတော့ ရန်ကုန်ပဲပြောင်းဖို့လုပ်နေကြတယ်။ ဒီမှာကျောင်းထားတဲ့ ကလေးတွေပါ ရန်ကုန်ကျောင်းပြောင်းထားဖို့ရှာရတယ်။ အိမ်ရော ကျောင်းရောရှာရတာပေါ့။ အိမ်ဌားခတွေ အရင်ထက်ဈေးတွေတက်သွားတယ်လို့သိရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် တိုက်ခန်းအငှားဈေးကွက်အတွင်း မြေညီထပ်တစ်ခန်းလျှင် ကျပ် သုံးသိန်းခွဲမှ လေးသိန်း၊ ပထမထပ် နှင့် ဒုတိယထပ်တစ်ခန်းလျှင် ကျပ် သုံးသိန်းပတ်ဝန်းကျင်၊ စတုတ္ထထပ်တစ်ခန်းလျှင် ကျပ်နှစ်သိန်းခွဲဝန်း ကျင်ဈေးရှိပြီး အခန်းလွတ်ရှားပါးကြောင်း၊ အဆောင်များတွင်လူပြည့်လျက်ရှိကြောင်း ပွဲစားအမျိုးသမီးတစ်ဦးထံမှ သိရသည်။

အာဏာရှင်တိုက်ထုတ်ရေးတိုက်ပွဲများပြင်းထန်လာချိန် လက်ရှိစစ်မက်ပြင်းထန်ရာဒေသများဖြစ်သည့် ရှမ်းပြည်၊ ရခိုင်ပြည်၊ ကချင်ပြည်အပါအဝင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှဒေသခံများသည် ရန်ကုန်မြို့ဆီ ပြောင်းရွှေ့လာနေခြင်းဖြစ်သည်။

ဓာတ်ပုံ – လူမှုကွန်ယက်
#စစ်ဘေးရှောင် #ရန်ကုန် #တိုက်ခန်း #လုံးချင်းအိမ်အငှားဈေးတက် #Ayeyarwaddy_Times