ဧရာဝတီတိုင်းမ်
ဩဂုတ် ၇ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ် ၂၊ ဖော်ယာဇီရွာ အနောက်ဘက်ကန်စည်းရိုးအနီး ပုစွန်ကန်ပေါင်ပေါ်တွင် စစ်ရှောင်လာသည့် မောင်တောဒေသခံ မွတ်ဆလင်လူမျိုး ဒါဇင်နှင့်ချီ လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၅ရက်နေ့က မောင်တောမြို့မှ ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ စစ်ရှောင်ရန်
ထွက်ပြေးလာသည့် မွတ်ဆလင်လူမျိုး ဒါဇင်နှင့်ချီမှာ လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ သတင်းစာ၌ စစ်ရှောင် ဘင်္ဂါလီလူမျိုးများကို AAက ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ပြီး အမျိုးသမီးများကို အဓမ္မကျင့်သတ်ဖြတ်ကာ ကလေးသူငယ်များကိုပါ သတ်ဖြတ်သွားခဲ့ကြောင်း စွပ်စွဲထားသည်။

မောင်တောမြို့၊ မောင်နီရွာနှင့် ရွှေဇားရွာတို့တွင် ပြီးခဲ့သည့် ဩဂုတ် ၃ရက်နေ့ကတည်းက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် ဩဂုတ် ၅ရက်နေ့က မောင်နီစစ်စခန်းကို AAကထိန်းချုပ်လိုက်ရာ စစ်ကောင်စီတပ်သားများ မောင်တောမြို့အတွင်းနှင့် မောင်နီရွာ ထဲသို့ ဝင်ပြေးကြကြောင်း သိရသည်။

စစ်ကောင်စီ၏ နခခ ၅မှကျန်ရှိနေသည့်တပ်သားများက မောင်နီရွာ၊ ရွှေဇားရွာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“မောင်တောကနေ ဘင်္ဂလားဒေ့ရှ်ထဲဝင်ပြေးဖို့ စစ်ရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေ နယ်စပ်ခြံစည်းရိုးနားမှာ လက်နက်ကြီးကျည်မှန်ပြီး အစုလိုက်အပြုံလိုက် သေကုန်ကြတယ်။ ကလေးတွေလည်းသေတယ်။ နခခ ၅က လက်နက်ကြီးပစ်တာလို့တော့ သိထားတယ်” ဟု မောင်တော ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ရှောင်လာသည့် မွတ်ဆလင်လူမျိုးများ ပုစွန်ကန်ပေါင်ပေါ်တွင် ပြန့်ကျဲသေဆုံးနေသည့် ဗီဒီယိုဖိုင်တစ်ခု ဩဂုတ် ၅ရက်နေ့တွင် ထွက်ပေါ်လာခဲ့သည်။

ထိုသို့အစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်စဉ်မှာ မည်သည့် အဖွဲ့အစည်းက ပစ်ခတ်၍ ဖြစ်သည်ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း စစ်ကောင်စီက AA၏ လက်ချက်
ဖြစ်ကြောင်း စွပ်စွဲထားသည်။

#မောင်တော #စစ်ရှောင်မူဆလင် #လက်နက်ကြီးကျည်ထိမှန် #လူဒါဇင်ချီသေဆုံး #Ayeyarwaddy_Times