
ဧရာဝတီတိုင်းမ်
ဩဂုတ် ၅ ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် လှော်ကားတိုက်နယ်ကျေးရွာရှိ မှန်တမ်းဘုန်းတော်ကြီးကျောင်းတွင် တိမ်းရှောင်နေရသောရခိုင်စစ်ဘေးရှောင်ဒေသခံ တစ်ရာကျော်အတွက် အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယအပတ်ကစ၍ ရခိုင်ပြည်နယ် ငပလီနှင့်သံတွဲမြို့နယ်မှ ရခိုင်ဒေသခံ ၁၀၀ ကျော်သည် အရေးပေါ်တိမ်းရှောင်လာခဲ့သည့်အတွက် မြို့နယ်လဝကနှင့်စစ်ကောင်စီပူးပေါင်းအဖွဲ့မှစာရင်းကောက်ယူမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
“မှန်တမ်းဘုန်းကြီးကျောင်းမှာ ရခိုင်ကစစ်ဘေးရှောင်တစ်ရာကျော်လောက်ရှိတယ်။ ရွာဘုန်းကြီးကျောင်းထဲမှာပဲအရေးပေါ်ယာယီနေခွင့်ပေးထားတာပေါ့။ စစ်ရှောင်တွေရောက်လာပြီး မကြာဘူးတစ်ရက်နှစ်ရက်ပဲရှိမယ်ထင်တယ်။ ဘုန်းကြီးကျောင်းကိုလဝကရယ်စစ်တပ်ရယ်ရဲတွေရယ်လာပြီးတော့စစ်ရှောင်ဦးရေတွေလာပြီးစာရင်းယူပြီး ဓာတ်ပုံတွေရိုက်သွားတာပဲလုပ်သွားတယ်”ဟု စစ်ဘေးရှောင်များကိုကူညီလုပ်ဆောင်ပေးနေသည့် လှော်ကားကျေးရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အတူ မှန်တမ်းဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေသောရခိုင်ဒေသခံစစ်ဘေးရှောင်များမှာ ရခိုင်ပြည်နယ်ငပလီမြို့ကမ်းခြေနှင့် သံတွဲမြို့၊ ဗောဓိကုန်းကျေးရွာဘက်မှဖြစ်ပြီး အသက် ၁၈ နှစ်အထက် အမျိုးသား (၂၀) ဦး၊ အမျိုးသမီး (၃၂) ဦး၊ အသက် ၁၈ နှစ်အောက် အမျိုးသား (၁၅) ဦး၊ အမျိုးသမီး( ၂၀) ဦး၊ အခြေခံပညာကျောင်းသား/ကျောင်းသူ( ၂၀) ဦး၊ ကိုယ်ဝန်ဆောင်တစ်ဦး၊ အသက် ၁ နှစ်အောက်ကလေးမိခင်တစ်ဦး၊ အသက်ကြီး နာမကျန်း အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး စုစုပေါင်း ၁၁၂ ဦးရှိနေပြီး အကူအညီများအရေးပေါ်လိုအပ်နေကြောင်း မှန်တမ်းဘုန်းတော်ကြီးကျောင်နှင့်နီးစပ်သည့် ဆရာတော်များထံကသိရသည်။
“ မှန်တမ်းဘုန်းကြီးကျောင်းကိုရောက်နေတဲ့ ရခိုင်စစ်ရှောင်တွေအတွက် အကူအညီလိုအပ်နေတယ်။ ကူညီတဲ့သူတွေတော့ရှိပါတယ်။ လူဦးရေကများတာရယ် မြစ်ရေတက်ပြီးရေနစ်တာတွေပါဖြစ်ကုန်တော့လာလှူပေးချင်တဲ့သူတွေအတွက် အခက်အခဲဖြစ်သွားတယ်။ အခုတလော လူမှုစာမျက်နှာကနေ အလှူခံပို့စ်အတုတွေတင်ပြီး လိမ်နေတာတွေ့လိုက်ရတယ်။အဲ့တာကြောင့် တကယ်လို့လာရောက်လှူဒါန်းထောက်ပံ့ချင်သူတွေအနေနဲ့ ဘုန်းတော်ကြီးကျောင်းကိုကိုယ်တိုင်လာရောက်ထောက်ပံ့ပေးလို့ရပါတယ်”ဟု မှန်တမ်းဘုန်းတော်ကြီးကျောင်းရှိ ဝေယျာဝစ္စလုပ်ကိုင်သူရပ်မိရပ်ဖတစ်ဦးကဆိုသည်။
အလားတူ ပြီးခဲ့သည့်ဇူလိုင်လအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးနေသော တိုက်ပွဲများကြောင့် လေးမျက်နှာမြို့နယ်သို့ ငပလီနှင့်သံတွဲမှရခိုင်စစ်ဘေးရှောင် ၁၀၀၀ ထက်မနည်း တိမ်းရှောင်လာကြောင်း မြို့ခံများ၏ပြောဆိုချက်အရသိရသည်။
ဓာတ်ပုံ- လူမှုစာမျက်နှာ
#လေးမျက်နှာမြို့ #မှန်တမ်းဘုန်းတော်ကြီးကျောင်း #ရခိုင်ဒေသခံ #စစ်ဘေးရှောင် #၁၀၀ကျော် #အကူအညီလိုအပ် #Ayeyarwaddy_Times