ဧရာဝတီတိုင်းမ်
ဩဂုတ် ၄ ရက်
ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့နယ်တွင် လာမည့် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်ရောက်ရှိမည်ဖြစ်ပြီး ကျန်ရှိနေသည့် စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ ငဝန်မြစ်ရေတို့သည့် စိုးရိမ်ရေမှတ်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ)က ယမန်နေ့ ဩဂုတ် ၃ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။
စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် လာမည့်တစ်ရက်အတွင်း ၁ ပေခန့်မြင့်တက်ပြီး စိုးရိမ် ရေမှတ်တွင် တည်ရှိမည်ဖြစ်ကာ မဒေါက်မြို့တွင် လာမည့်တစ်ရက်အတွင်း ၂ လက်မခန့်ကျဆင်းပြီး စိုးရိမ်ရေမှတ်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။
ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းမည်ဖြစ်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ထို့ပြင် ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေမှတ်ထက် ၂ ပေကျော်လွန်နေကာ လာမည့် တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းနိုင်ပြီး စိုးရိမ်ရေမှတ်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။
သံလွင်မြစ်ရေသည် ဘားအံ့မြို့တွင် စိုးရိမ်ရေမှတ်ထက် ၅ ပေကျော်လွန်ရောက်ရှိနေပြီး လာမည့် တစ်ရက်အတွင်း ၄ လက်မခန့်မြင့်တက်နိုင်ပြီး စိုးရိမ်ရေမှတ်တွင် ဆက်လက်တည်ရှိနိုင်ပြီး ငဝန်မြစ်ရေသည် ပုသိမ်မြို့တွင် လာမည့်တစ်ရက်အတွင်း ဒီရေမြင့်တက်ချိန်တွင် စိုးရိမ်ရေမှတ် အထက်သို့ ပေဝက်ခန့်မြင့်တက်လာမည်ဖြစ်ကြောင်းသိရသည်။
ထို့အတူ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းတွင် လာမည့်တစ်ရက်အတွင်း ၃ လက်မခန့် ကျဆင်း နိုင်သော်လည်း စိုးရိမ်ရေမှတ်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး သာပေါင်းမြို့တွင် လာမည့် တစ်ရက်အတွင်း ၂ လက်မခန့်ကျဆင်းနိုင်ကာ စိုးရိမ်ရေမှတ်တွင် ဆက်လက်တည်ရှိမည်ဖြစ်သည်။
မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲခန့်ကျော်လွန်နေပြီး လာမည့်တစ်ရက်အတွင်း ၁ ပေခန့်မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်တွင်တည်ရှိနေမည် ဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နေ့စဉ်ထုတ်ပြန်သည့် မြစ်ရေကြီးမှု သတိပေးချက်တွင် ရခိုင်ပြည်နယ်ရှိ လေးမြို့မြစ်ရေအခြေအနေကိုမူ ထုတ်ပြန်ထားခြင်းမရှိပေ။
လက်ရှိတွင်လေးမြို့မြစ်ရေတက်မှုကြောင့် ရှေးဟောင်းသမိုင်းဝင်မြောက်ဦးမြို့နယ်အပါအဝင် ကျောက်တော်နှင့် မင်းပြားမြို့နယ်အတွင်း ရေကြီး ရေလျှံမှုဖြစ်ပေါ်နေကြောင်းသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#မြစ်ကြီးများရေဆက်ကြီး #စိုးရိမ်ရေမှတ်ဆက်လက်တည်ရှိ #Ayeyarwaddy_Times