ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ ဩဂုတ် ၄ ရက်)
အထိအခိုက်များတဲ့ကာလတွေမှာ ရှင်သန်နေရသူတွေဟာ စိတ်ရော ကိုယ်ပါ ပင်ပန်းကြရပါတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာတိုင်းမှာ ထိခိုက်ဒဏ်ရာရသူတွေ အသက်ရှင် နိုင်ဖို့ ကုသကူညီနေတဲ့ ဆေးအဖွဲ့က ဆရာဝန်တွေ၊ သူနာပြုတွေ၊ လေ့ကျင့်သင်ကြား ပေးထားသူတွေအတွက် အခက်အခဲတွေထဲမှာ အသက်ကယ်သွေးရှားပါးတာက ပြဿနာကြီးတစ်ခုဖြစ်နေပါတယ်။
ပိုက်ဆံရှိတိုင်း ဝယ်လို့မရတဲ့ အဖိုးတန်ရတနာဟာ သွေး ပဲဖြစ်ပါတယ်။ အသွေးအသား ကိုယ်ခန္ဓာကနေ ဖြစ်လာတဲ့ အသက်ကယ်ဆေး “သွေး” ကို တန်ဖိုးထားရပါမယ်။ လူတစ်ယောက်ရဲ့ အသက်ကိုကယ်ဖို့အတွက် လူတွေရဲ့ သွေးက ဆေးဖြစ်တယ်ဆိုတာ သွေးအလှူရှင်တွေ သိကြပါတယ်။ မိမိရဲ့ သွေး ကို လှူပြီး အသက်ကယ်နေကြတဲ့ သွေးအလှူရှင်များကိုလည်း ဂုဏ်ယူလေးစားနေပါတယ်။
သွေးသွင်းခြင်းကုသမှု ( Blood Transfusion)
၁၆၆၅ ခုနှစ်က အင်္ဂလန်နိုင်ငံမှာ သွေးသွင်းကုသခြင်း အောင်မြင်ခဲ့ကြောင်း ပထမဆုံးမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။သမားတော် ရစ်ချက် လော်ဝါ (Richard Lower) က ခွေးတစ်ကောင်ရဲ့ သွေးကို နောက်ခွေးတစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲ သွင်းပေးပြီး အသက်ရှင်အောင်ကုသပေးနိုင်ခဲ့ပါတယ်။ သွေးသွင်းပြီး အသက်ကယ်လို့ရတယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။
၁၈၂၅ ခုနှစ် ဩဂုတ်မှာတော့ လန်ဒန်မြို့မှာရှိတဲ့ သားဖွားဆရာဝန် ဂျိန်းမ်ဘလန်ဒဲလ်က အမျိုးသမီးတစ်ဦး သားဖွားအပြီးသွေးသွန်တာကြောင့် သေအံ့ဆဲဆဲ အခြေအနေကနေ သွေးသွင်းပြီး အသက်ကိုကယ်နိုင်ခဲ့ပါတယ်။ ပထမဆုံး လူသားတွေမှာ သွေးသွင်းကုသမှု အောင်မြင်ခဲ့တာ နှစ်ပေါင်း ၂၀၀ ရှိခဲ့ပါပြီ။
ထိခိုက်ဒဏ်ရာကြောင့် သွေးထွက်လွန်ခြင်း၊ ခွဲစိတ်မှုခံယူရခြင်း၊ အကြောင်းအရာ တစ်ခုခု ကြောင့်သွေးအားနည်းရောဂါခံစားနေရခြင်းတွေက သွေးသွင်းကုသမှု ခံယူရမှာ ဖြစ်ပါ တယ်။
သွေးအုပ်စု (ABO ,Rh Blood Grouping)
လူသွေးချင်းအတူတူပဲမို့ သွေးကို ဘယ်သူ့ကိုသွင်းသွင်းအဆင်ပြေမယ် အသက်ကယ်နိုင် မယ်ထင်ရင်တော့ မှားပါတယ်။ သွေးသွင်းမှားယွင်းပါက ဆိုရွားပြင်းထန်တဲ့တုံ့ပြန်မှု တွေကြောင့်သွေးလက်ခံသူလူနာ အသက်ဆုံးရှုံးနိုင်ပါတယ်။
သွေးနီဥတွေရဲ့ အမြှေးပါးလေးတွေမှာ မျိုးရိုးဗီဇအရ ဆင့်ကဲလက်ခံလာတဲ့ သွေးအုပ်စုညွှန်းဆို ဇီဝပစ္စည်းလေးတွေ (Blood Group Antigen) ကိုလိုက်ပြီး သွေးအုပ်စုခွဲခြားနိုင်ပါတယ်။
A၊ B၊ AB နှင့် O ဆိုပြီး သွေးလေးမျိုး ခွဲခြားနိုင်တဲ့ ABO သွေးအုပ်စု
the Rhesus factor ပါဝင်ခြင်းရှိမရှိကို မူတည်ပြီး အပေါင်းသွေး အနုတ်သွေး ခွဲခြားနိုင်တဲ့ Rh သွေးအုပ်စု ဆိုပြီးအဓိကနှစ်မျိုးခွဲပါတယ်။
လူနာနဲ့ မတူညီတဲ့သွေးအမျိုးအစား သွင်းလို့မရပါဘူး။ ထပ်တူညီတဲ့သွေးအုပ်စု ကိုရှာပြီးသွင်းပေး မှသာလူနာကိုအသက်ကယ်တင်နိုင်မှာဖြစ်ပါတယ်။
သွေးအလှူရှင်များသိမှတ်ဖွယ်
သွေးလှူဖို့အတွက် သွေးအလှူရှင်ရဲ့ကိုယ်ပိုင်အချက်အလက်တွေ မှတ်တမ်းပြုရပါတယ်။ သွေးလှူဖို့သင့်တော်ခြင်းရှိမရှိဆိုတဲ့ ကျန်းမာရေးဆိုင်ရာမေးခွန်းများကို ပွင့်ပွင့်လင်းလင်း ဖြေဆိုရပါတယ်။ သွေးမထုတ်ခင်မှာ သွေးပေးလှူမည့်သူက ကျန်းမာရေး စောင့်ရှောက် ပေးသူ ဆရာဝန်နှင့် ဆွေးနွေးရပါတယ်။ သွေးလှူရန်သင့်တော်တဲ့ ကျန်းမာရေး အခြေအနေရှိမရှိစစ်ဆေးရပါတယ်။ သွေးအလှူရှင်ရဲ့ သွေးအုပ်စုအမျိုးအစား ကူးစက် ရောဂါရှိမရှိ သွေးအားပြည့်မပြည့် သွေးကို စစ်ဆေးပြီး အဆင့်ဆင့်အောင်မြင်မှသာ သွေးအလှူရှင်ထံမှ သွေးကို ဖောက်ယူရပါတယ်။
သွေးအလှူရှင်ရဲ့လိုအပ်ချက်များ
သွေးအလှူရှင်သည် အသက်၁၈ နှစ်ပြည့်ပြီးကျန်းမာရေးကောင်းသူ ဖြစ်ရပါမယ်။ HIV ပိုး ၊ အသည်းရောင်အသားဝါ B ပိုး၊ Cပိုး၊ ကာလသားရောဂါပိုး၊ ငှက်ဖျားပိုး စသည်ဖြင့် ကူးစက်ရောဂါတွေကင်းရှင်းရပါမယ်။သွေးအားကောင်းရပါမည်။ (Hb%) ဟေမိုဂလိုဘင် ပြည့်ရပါမယ်။
သွေးလှူသူဟာ ရေဓာတ်ခမ်းခြောက်ခြင်း Dehydration မဖြစ်နေရပါ။ ရုတ်တရက် ပိန်သွားသူ၊ ဖျားနေသူ၊ ပိုးသတ်ဆေး၊ အကိုက်အခဲပျောက်ဆေးနှင့် သွေးကျဲဆေးကုသမှု ခံယူနေသူမဖြစ်ရပါ။
၆ လမှ ၉လအတွင်း ဆေးမင်ထိုးခြင်း၊ နားဖောက်ခြင်းကဲ့သို့ခန္ဓာကိုယ် ဖောက်ထွင်း အလှဆင်ခြင်း၊ သွေးနှင့်အရေပြားထိတွေ့မိခြင်း၊ မသန့်သောအပ်စူးမိခြင်း၊ ခွဲစိတ်ကုသမှု ခံယူထားရခြင်း၊ သွားနှင့်ခံတွင်းကုသမှုခံယူးထားရခြင်း၊ သွေးသွင်းကုသမှုခံယူထားခြင်း၊ အသည်းရောင်အသားဝါဖြစ်ခြင်း၊ ငှက်ဖျားဒေသသို့ခရီးသွားလာခြင်း တို့ကို မပြုလုပ် ထားရပါ။
ပန်းနာရင်ကျပ်ရောဂါ၊ အတတ်ရောဂါ၊ အရေပြားရောဂါ၊ သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ လည်ပင်းသိုင်းရွိုက်ရောဂါ၊ သွေးမတိတ် ရောဂါတို့ကင်းရှင်းနေရပါမယ်။ ဝက်သက်၊ ဂျိုက်သိုး၊ ရေယုန်၊ရေကျောက်၊ ပါးချိတ် ရောင်ရောဂါများကဲ့သို့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သောရောဂါများလည်း လတ်တလော ကင်းစင်ရပါမယ်။
မူးယစ်ဆေးအကြောတွင်းထိုးသွင်းဖူးခြင်း၊ လိင်အပျော်အပါးလိုက်စားခြင်း၊ တစ်ဦးထက် ပိုတဲ့ လိင်ဆက်ဆံဖော်ရှိခြင်း၊ လိင်တူဆက်ဆံခြင်း ၊ ကာလသားရောဂါရှိခြင်း၊ အရက် အလွန်အကျွံသောက်ခြင်းတို့လည်း ကင်းရှင်းရပါမည်။
ဓမ္မတာလာနေလျှင် ၊ ကိုယ်ဝန်ရှိနေလျှင် ၊ ကလေးနို့ချိုတိုက်ကျွေးနေလျှင် ၊ လတ်တလော ၆လအတွင်း သားပျက်သားလျောဖြစ်ထားဖူးလျှင် သွေးလှူဖို့ မသင့်သေးပါ။
သွေးလှူခြင်းရဲ့ကောင်းကျိုးများ
သွေးလှူခြင်းကောင်းကျိုးအနေနဲ့ မိမိရဲ့သွေးဖြင့်အသက်ကယ်နိုင်ခြင်းကြောင့် ပီတိနှင့် ပျော်ရွင်ဝမ်းမြောက်ရပါတယ်။ ကျန်းမာမှသာ သွေးလှူနိုင်တာဖြစ်တာကြောင့် မိမိကို ယ်တိုင် ကျန်းမာနေသူအဖြစ် ခံစားရပါတယ်။
ကျန်းမာသောလူမှုဆက်ဆံရေး အစားအသောက် အနေအထိုင် အပြုအမူတို့ မှန်မှန် လိုက်နာခြင်းကြောင့် သွေးလှူရှင်ဂုဏ်ကို ထိန်းထားနိုင်ပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝကိုရနိုင်ပါတယ်။
ပုံမှန် သွေးလှူပေးခြင်းက ကိုယ့်ကျန်းမာရေးကို ပုံမှန်စစ်ဆေးရာရောက်ပါသည်။ သွေးလှူရန် လာရောက်စဥ်မှာကိုယ့်ရဲ့ရောဂါကိုသိရ၍ ကုသမှု စောစောစီးစီး ပြုလုပ် နိုင်ပြီး တိကျထိရောက်တဲ့ ဆေးကုသမှုကို ရယူနိုင်ပါတယ်။ အားလုံးပဲ သွေးလှူပြီး ချစ်ခြင်းမေတ္တာတွေ ဖြန့်ဝေကြပါ။ ပဋိပက္ခကာလအတွင်း အချင်းချင်း ကူညီကယ်တင် စောင့်ရှောက်နိုင်ကြပါစေ။
ဧရာဝတီတိုင်းမ် ပရိသတ်များအားလုံးလည်း သွေးထွက်သံယိုအပေါင်းမှ ကင်းဝေး ကြပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။
နောက်တစ်ပတ်မှာတော့ အမျိုးသားများရင်သားဆူခြင်း ဆောင်းပါး ကို ဖော်ပြပေးမှာကြောင့် စောင့်မျှော် အားပေးကြပါဦးခင်ဗျာ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အသက်ကယ်နိုင်သောသွေး #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာဝတီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။