ဧရာဝတီတိုင်းမ်
သြဂုတ် ၃ ရက်
မြန်မာပဋိပက္ခကို မကြာမီ ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်မာနက်က စစ်ကောင်စီဉက္ကဌ မင်းအောင်လှိုင်ရဲ့ အထူးကိုယ်စားလှယ် ဉီးကိုကိုလှိုင်နဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။
သြဂုတ်လ ၁ ရက်က ဖနောင်ပင်မြို့တော်မှာ ဟွမ်မာနက်နဲ့ တွေ့ဆုံချိန် ဉီးကိုကိုလှိုင်က မြန်မာ နိုင်ငံတွင်း မကြာသေးမီက အခြေအနေတွေကို ရှင်းပြခဲ့တယ်လို့ ဟွမ်မာနက်ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြ ချက်အရ သိရပါတယ်။
ကမ္ဘောဒီးယား-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဟာ နယ်ပယ်များစွာမှာ အလားအလာ ကောင်းတွေရှိပြီး မြန်မာနိုင်ငံရဲ့အခြေအနေကို မဝေးတော့သောအနာဂတ်မှာ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ပါ ကြောင်း ၎င်းက ဆိုပါတယ်။
မြန်မာနဲ့ ကမ္ဘောဒီးယားကြား အကောင်းမွန်ဆုံးသော ချစ်ကြည်ရင်းနှီးမှုနဲ့ ဆက်ဆံရေးကို ကိုကို လှိုင်က ချီးကျူးခဲ့ပြီး ဟွမ်မာနက်ရဲ့ ဉီးဆောင်မှုအောက်မှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆက် ဆံရေးကို တိုးမြှင့်နိုင်မယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။
မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့က အရေးကြီးပေမယ့် လူမှုစီးပွားရေးအခြေအနေ ပြန်လည်တည်ဆောက်ရေး အလေးထားဖို့ လိုအပ်တယ်လို့ ဖနောင်ပင်မြို့တော်၊ တော်ဝင်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ ကထိက သွန်မန်ဒေးဗစ်က ပြောပါတယ်။
“ငြိမ်းချမ်းရေးတည်ဆောက်မှုကို ပံ့ပိုးကူညီဖို့နဲ့ မြန်မာသို့ လူသားချင်းစာနာမှုနဲ့ စီးပွားရေး အကူ အညီပေးအပ်ရာမှာ အခြားအာဆီယံအဖွဲ့ဝင်တွေ ပူးပေါင်းဖို့ ကမ္ဘောဒီးယားနိုင်ငံက အဆင်သင့်ရှိတယ်” လို့ သူက ပြောပါတယ်။
ကမ္ဘောဒီးယား လွှတ်တော်ဉက္ကဌ ဟွမ်ဆန်နဲ့ တွေ့ဆုံမှုအတွင်း ကိုကိုလှိုင်က မြန်မာနိုင်ငံရဲ့ တိုးတက်မှုအခြေအနေ၊ စစ်ကောင်စီရဲ့ လမ်းညွှန်မြေပုံ ၅ ချက်နဲ့အညီ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်မှုနဲ့ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပရေး ကြိုတင်ပြင်ဆင်မှုတွေကို ရှင်းပြခဲ့ပါတယ်။
ကိုးကား – The Phnom Penh Post
Ref; Manet seeks quick resolution to Myanmar crisis