
ဆလိုင်းဇလပ်ထန်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၃ ရက်
“မတူပီမြို့ပေါ်က ဘုရားကျောင်းတိုင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်နေတယ် ဆိုတာ သိသာ ပါတယ်”ဟု ချင်းညီနောင် တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုလိုက်သည်။
မတူပီမြို့ပေါ်တွင် ခရစ်ယာန် ဘာသာဝင်များ၏ ဘုရားကျောင်း စုစုပေါင်း ၃၀ ကျော် တည်ရှိပြီး မြို့ပြာသာဒ် အဖြစ် တည်ရှိသော သက်တမ်းရင့် ဘုရားကျောင်းများကို စစ်ကောင်စီက အကုန်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ဟုလည်း ဆိုသည်။
ချင်းတော်လှန်ရေး တပ်ဖွဲ့များ၏ ချင်းပြည်နယ် မတူပီမြို့သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တိုက်ခိုက်မှုများ ပြုလုပ်ရာတွင် ခရစ်ယာန် ဘုရားရှိခိုးကျောင်းများကိုပါ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မတူပီမြို့ကို ချင်းညီနောင်အဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)၊ တပ်မဟာ ၁ နှင့် မဟာမိတ် တပ်ပေါင်းစု တို့က ဇွန်လ ၉ ရက်နေ့က မြို့သိမ်းတိုက်ပွဲ စတင်ဆင်နွှဲ့ခဲ့ပြီး ဇွန်လ ၂၉ ရက်နေ့တွင် မြို့ကို အလုံးစုံသိမ်းပိုက် ထိန်းချုပ်နိုင် ခဲ့ကြောင်း သိရသည်။
မြို့သိမ်းတိုက်ပွဲတွင် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုနှင့် လူနေအိမ်များမီးရှို့ခံရမှု မရှိသော်လည်း စစ်ကောင်စီ တပ်က ပေါင် ၅၀၀ ဗုံးများဖြင့် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် သက်တမ်းရင့် ဘာသာရေး အဆောက်အအုံများ အပါအဝင် လူနေအိမ် အများအပြား ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဆိုသည်။
မတူပီသည် ချင်းပြည်နယ်ထဲတွင် ဘာသာရေး အဆောက်အအုံ အများဆုံး ဖျက်ဆီးခံထားရသော မြို့တစ်ခုဖြစ်လာခဲ့ပြီး ဘာသာရေး အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုအပေါ် ချင်းပြည်သူများ ဝမ်းနည်း ကြေကွဲခဲ့ကြရသည်။
စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်တမ်းရင့် ဘုရာရှိခိုးကျောင်းများ ဖြစ်သော မတူပီ နှစ်ခြင်း အသင်းတော်၊ ထပ်ဒွန်း နှစ်ခြင်းဘုရားကျောင်းနှင့် အခြားဘုရားရှိခိုးကျောင်း တချို့လည်း ပျက်စီးခဲ့သည်။
“မတူပီနှစ်ခြင်း ဘုရားကျောင်းကို ၁၉၈၂ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်မှာ အုတ်မြစ်ချခဲ့ပါတယ်”ဟု မတူပီနှစ်ခြင်း ဘုရားကျောင်း၏ သိက္ခာတော်ရ ဆရာတော် ဦးလာဝေးက ပြောကြားသည်။
လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသော မတူပီနှစ်ခြင်း ဘုရားကျောင်းသည် သက်တမ်း နှစ် ၄၀ ရှိပြီ ဖြစ်ပြီး ထပ်ဒွန်း နှစ်ခြင်း ဘုရားကျောင်းသည် သက်တမ်း ၇၂ နှစ် တည်ရှိပြီ ဖြစ်သည်ဟု ဆိုသည်။
သက်တမ်းရင့် ဘုရားကျောင်းတစ်ခုဖြစ်သော မြို့မဘုရားကျောင်းကိုလည်း စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ လွှဲချော်မှုကြောင့် ဘုရားကျောင်း အောက်ဘက်ရှိ ကားလမ်းမပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထို့ပြင် မင်းတပ်-မတူပီလမ်းတွင် တည်ရှိသော ယူနီယံ ဓမ္မကောလိပ် ကိုလည်း ဗုံးကြဲ တိုက်ခိုက်မှု ကြောင့် ပျက်စီးခဲ့ရပြီး စာကြည့်တိုက် အပါအဝင် ကျောင်းဆောင်တချို့ ပျက်စီးသွားသည်။
“ပျက်စီးသွားတဲ့ စာကြည့်တိုက်ထဲမှာ ပိုက်ဆံနဲ့ ပြန်လည်ဝယ်ယူလို့ မရနိုင်တော့တဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ စာအုပ်ပေါင်း မြောက်မြားစွာ ဆုံးရှုံးခဲ့ရတယ်”ဟု ယူနီယံ ဓမ္မကောလိပ်၏ ကျောင်းသားဟောင်း တစ်ဦးက ပြောပြသည်။
ချင်းပြည်နယ်နှင့် မတူပီမြို့အတွက် ဂုဏ်ဆောင် ကျမ်းစာကျောင်းဖြစ်သော ယူနီယံ ဓမ္မ ကောလိပ်သည် ချင်းပြည်နယ် (တောင်ပိုင်း) တွင် တစ်ခုတည်းသော ဓမ္မကောလိပ်ဖြစ်ပြီး ချင်းပြည်နယ်အတွက် ဓမ္မအမှုဆောင် ဆရာ/ဆရာမများကို အဓိက မွေးထုတ်ပေးခဲ့သော ကောလိပ်ကျောင်း တစ်ခုလည်း ဖြစ်သည်။
စစ်ကောင်စီသည် မတူပီမြို့ပေါ်ရှိ ဘာသာရေး အဆောက်အအုံများ အပါအဝင် မတူပီမြို့အနီးရှိ ကျေးရွာများမှ ဘုရားရှိခိုး ကျောင်းများလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့သလို စာသင်ကျောင်း များကိုလည်း ဦးတည် တိုက်ခိုက် နေကြောင်း သိရသည်။
ယင်းသို့ စစ်ကောင်စီက တိုက်ခိုက်မှုများသည် တော်လှန်ရေး တပ်ဖွဲ့များကို ဒေသခံ ပြည်သူများက စိတ်နာစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ချင်း လူ့အခွင့်အရေး အဖွဲ့အစည်းက File ဒါရိုက်တာ ဆလိုင်းတေရက ပြောကြားသည်။
“အခု မတူပီမြို့မှာ ဘုရားကျောင်း ပျက်စီးတာတွေ ရှိတယ်။ အဲ့ဒါ သူတို့က အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပြီးတော့ အကြောက်တရား ရှိအောင်ပေါ့။ ပြီးတော့ ပြည်သူတွေက အထွတ်အမြတ်ထားတဲ့ ဘာသာရေး အဆောက်အအုံ တွေကို ဖျက်ဆီးလို့ရှိရင် တော်လှန်ရေးအဖွဲ့တွေကို စိတ်နာအောင် တမင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာပဲဖြစ်တယ်။ ကျွန်တော်တို့ ချင်းလူ့အခွင့်အရေး အနေနဲ့လည်း ရှုတ်ချတယ်”ဟု ဆလိုင်းတေရက ပြောသည်။
စစ်ကောင်စီ၏ ထိုသို့သော လုပ်ရပ်သည် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နှင့် လူသားမျိုးနွယ် အပေါ် လူ့အခွင့်အရေး ချိုးဖောက်ခြင်းပင် ဖြစ်ပြီး ဘာသာရေးကို အသုံးချ၍ နိုင်ငံရေးတွင် အမြတ်ထုတ်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာ သိမ်းပြီးနောက်ပိုင်းတွင် ဘာသာရေး အဆောက်အအုံ များကို ရည်ရွယ်ချက် ရှိရှိ ဖျက်ဆီးခဲ့သလို ဘာသာရေး အဆောက်အအုံများကို အကာအကွယ်ယူပြီး တပ်စခန်း ချခြင်းများလည်း ပြုလုပ် နေခဲ့သည်။
အာဏာသိမ်းပြီးနောက် ချင်းပြည်နယ် တစ်ဝန်းတွင်လည်း ဘာသာရေး အဆောက်အအုံ စုစုပေါင်း ၂၀၀ နီးပါး ဖျက်ဆီး ခံခဲ့ရကြောင်း သိရသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီက လုံခြုံရေးကို အကြောင်းပြပြီး ညမထွက်ရ အမိန့်နှင့် လူ ငါးဦးအထက် လူစုလူဝေး မပြုလုပ်ရ အမိန့်များလည်း ထုတ်ပြန်ခဲ့သည်။
ထိုသို့ ထုတ်ပြန်ခဲ့သော အမိန့်ကြောင့် ခရစ်ယာန် ဘာသာဝင်များသည် ဘုရားဝတ်ပြု အစီအစဉ် များနှင့် ဘာသာရေး ပွဲလမ်း သဘင်များ ကျင်းပရန် အခက်အခဲ ကြုံကြရသည်။
တနင်္ဂနွေနေ့တွင် ဘုရားကျောင်းတက်မည့် အစီအဉ်များကိုပါ လူဦးရေစာရင်း အတိအကျဖြင့် စစ်ကောင်စီ လက်အောက်ခံ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ရုံးတွင် တပတ်ကြိုတင် ခွင့်ပြုချက် ယူရသည်အထိ ကန့်သတ် ချုပ်ချယ်ပြီး ဘာသာရေး ဘက်တွင် ယခင်ထက် ပိုမိုတင်းကျပ် လာခဲ့သည်။
ခရစ်ယာန် ဘာသာဝင်များသည် တပတ်တွင် ဘုရားဝတ်ပြုခြင်း အစီအစဉ်ကို သုံးကြိမ်ထက်မနည်း ပြုလုပ်ရ သော်လည်း လက်ရှိတွင် စစ်ကောင်စီက သတ်မှတ်ထားသော အကန့်အသတ်ထဲတွင်သာ ဘုရားဝတ်ပြုခြင်းနှင့် ဘာသာရေး ပွဲလမ်း သဘင်များကို ပြုလုပ်ကြရတော့သည်။
“ယခင်က ဘုရားကျောင်း တက်တာနဲ့ပတ်သက်ပြီး ကန့်သတ်တာမျိုးတော့ မရှိဖူးဘူး။ ဘုရား ကျောင်းတက်တာနဲ့ ပတ်သက်ပြီး ကန့်သတ်ချုပ်ချယ်ခံရတာ ဒီတစ်ခါပဲ ကြုံတွေ့ဖူးတယ်”ဟု ဓမ္မအမှုတော်ဆောင် ဆရာတော် တစ်ဦး ဖြစ်သော ဦးဗျက်လျန်က ပြောပြသည်။
မြန်မာနိုင်ငံတွင် ခရစ်ယာန်ဘာသာနှင့် ပတ်သက်၍ အဘက်ဘက်မှ အစဉ်အဆက် အခွင့်အရေး ပိတ်ပင်ခြင်းခံရသလို အာဏာ သိမ်းပြီးနောက်ပိုင်းတွင် ပိုမိုဆိုးဝါးလာ၍ ရရှိပြီးသာ အခွင့်အရေး များကိုပင် ထပ်မံပိတ်ပင်ခံနေရသည် ဟုလည်း ဆိုသည်။
သို့သော် ဘာသာရေးနှင့် ပတ်သက်၍ ကန့်သတ်ပိတ်ပင်သော စစ်ကောင်စီ၏ အမိန့်များသည် ၎င်းတို့ ထိန်းချုပ် နိုင်သော မြို့ပေါ်တွင်သာ အကျုံးဝင်ပြီး ချင်းတော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားသော နယ်မြေများတွင်မူ ယခင်အတိုင်း လွတ်လပ်စွာ ဘုရားဝတ်ပြု ကိုးကွယ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိ ချင်းပြည်နယ်တွင် စစ်ကောင်စီ ထိန်းချုပ်ထားသော နယ်မြေထက် ချင်းတော်လှန်ရေး အင်အားစုများက ထိန်းချုပ် ထားသော နယ်မြေ ပိုမိုကျယ်ပြန့်လာပြီ ဖြစ်သည်။
တော်လှန်ရေး အင်အားစုက ထိန်းချုပ်ထားသော နယ်မြေနှင့် မြို့ပေါ်များတွင် ခရစ်ယာန် ဘာသာဝင်များ အနေဖြင့် ဘုရားဝတ်ပြုခြင်း အစီအစဉ်များကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ရရှိတော့မည် ဖြစ်ကြောင်းလည်း သိရသည်။
“ဒီမှာတော့ တော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ အမိန့်တွေက သက်ရောက်မှု မရှိပါဘူး။ ဘုရားဝတ်ပြုခြင်း အစီအစဉ်ရော ဘာသာရေးပွဲရော သာရေးနာရေး ကိစ္စတွေရော ယခင် ပုံမှန်အတိုင်းပဲ ပြုလုပ်ကြပါတယ်”ဟု ချင်းကာကွယ်ရေး တပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ ထိန်းချုပ်ထားသော နယ်မြေတွင် လွတ်လပ်စွာ ဘုရားဝတ်ပြုခြင်း အကြောင်းကို ဒေါ်ရိုင်မုခ့်က ပြောပြသည်။
ချင်းတော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်ပြီး ထိန်းချုပ်ထားသော ရိခေါဒါရ်မြို့၊ ရေဇွာမြို့၊ လိုင်လင်းပီမြို့နှင့် အခြား မြို့များတွင် ဘာသာရေး ကိုးကွယ်ခွင့်များကို ယခင် ပုံမှန်အတိုင်း ဝတ်ပြု ကိုးကွယ်မှု ပြုလုပ်လျက် ရှိသည်ဟုလည်း ဆိုသည်။
သို့ဖြစ်၍ ချင်းညီနောင်များက လတ်တလော သိမ်းပိုက် ရရှိထားသော မြို့ကြီးတစ်ခု ဖြစ်သည့် မတူပီမြို့တွင်လည်း ခရစ်ယာန် ဘာသာဝင်များ အနေဖြင့် လွတ်လပ်စွာ ကိုးကွယ်ခွင့် မျှော်လင့် ချက်ရှိလာပြီ ဖြစ်သည်။
“အားလုံး စိတ်ပျက်စရာ မလိုဘူး။ ဘုရားသခင်ရဲ့ ကောင်းချီး ပေါ်လွင်စေဖို့ ဘုရားသခင်ရဲ့ အလိုတော်လည်း ဖြစ်တယ်။ ဖျက်ဆီးတာထက် ပိုမိုကောင်းမွန်တဲ့ ဘုရားကျောင်းရှိဖို့ ဖြစ်တယ်”ဟု အမည်မဖော်လိုသည့် ဓမ္မဆရာတော် တစ်ပါးက ပြောဆိုလိုက်သည်။ ။
#မီးလောင်တိုက်သွင်းခံနေရသည့် #ချင်းပြည်သူတို့ #ကိုးကွယ်အားထားရာ #ဘုရားကျောင်းများ #သတင်းဆောင်းပါး #Ayeyarwaddy_Times