အေးစီ/ဧရာဝတီတိုင်းမ် (ထန်တလန်)၊ ဩဂုတ်လ ၁၁ ရက်

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်က တိုက်ပွဲများနှင့်နေအိမ်မီးရှို့ခံရမှုများကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံများ စစ်ဘေးရှောင်နေရသည်မှာ ၁၀ လကြာပြီဖြစ်ပြီး လက်ရှိအချိန်ထိနေအိမ်မပြန်နိုင်သေးကြောင်း ဒေသခံစစ်ဘေးရှောင်များထံကသိရသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလမှစတင်၍ မြို့ပေါ်လူနေရပ်ကွက်များမှနေအိမ်များကို စစ်ကောင်စီတပ်ကမီးရှို့ခဲ့သဖြင့် ဒေသခံ ၁ သောင်းကျော် နီးစပ်ရာကျေးရွာများသို့ရှောင်တိမ်းနေခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

အကြိမ်ကြိမ်မီးရှို့ခံခဲ့ရပြီးနောက် မြို့လုံးကျွတ်နီးပါးနေ အိမ်များမီးလောင်ဆုံးရှုံးခဲ့ပြီး ပြန်လည်ပြင်ဆင်မှုများလည်းမလုပ်ဆောင်ရသေးသည့်အပြင် စစ်ကောင်စီတပ်မှ မြို့တွင်းတပ်စွဲထားပြီး မိုင်းများလည်းထောင်ထားသဖြင့် ယခုကဲ့သို့မပြန်နိုင်သေးခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်ဒေသခံတဦးကပြောသည်။

“သူတို့(စစ်ကောင်စီတပ်) ကအခါခါမီးရှို့လို့ မြို့လုံးကျွတ် နီးပါး အခုထိပဲ မြို့ပေါ်မှာ ဘယ်သူမှပြန်လည်နေထိုင်တာမရှိသေးဘူး။ လူတွေမပြန်နိုင်တော့အိမ်တွေလည်း မဆောက်နိုင်သေးဘူးလေ။ နီးစပ်တဲ့ ကျေးရွာတွေမှာပဲ လိုက်နေနေတုန်းပေါ့။ မြို့ပေါ်ပြန်လည်နေထိုင်ဖို့ဆိုတာတော့် အလှန်းဝေးပါသေးတယ်။ တစ်မြို့လုံး အဲ့လိုခံရတော့ မလွယ်ကူတဲ့အရာဖြစ်ပါတယ်” ဟု စစ်ဘေးရှောင် ထန်တလန်မြို့ခံအမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကိုပြော သည်။

ထို့အပြင် စစ်ကောင်စီတပ်က ထန်တလန်မြို့အတွင်းတပ်စွဲထားပြီး မြို့ပတ်ပတ်လည်တွင် မိုင်းများထောင်ထားကာ တိုက်ပွဲများပြန်လည်ဖြစ်ပွားနိုင်သည့်အခြေအနေများကြောင့် ပြန်လည်အခြေချနေထိုင်နိုင်ခြင်းမရှိသေးကြောင်း ၄င်းကဆက်လက်ပြောသည်။

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-CNDF တို့အကြား ပြီးခဲ့သည့်နှစ် စက်တင်ဘာလ နောက်ဆုံးအပတ်မှစတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်။

တိုက်ပွဲများစတင်ခဲ့သည့်ကာလမှစ၍ စစ်ကောင်စီတပ်က နေအိမ်မီးရှို့မှုအကြိမ်ရေ ၃၀ ဝန်းကျင်ပြုလုပ်ခဲ့သဖြင့် အိမ်ခြေ ပေါင်း ၁၃၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၁ သောင်းကျော် ဘေးလွတ်ရာကိုတိမ်းရှောင်နေရကြောင်း ဒေသခံများထံကသိရသည်။

ဓာတ်ပုံ-CJ