ဧရာဝတီတိုင်းမ်
ဩဂုတ် ၁ ရက်
လားရှိုးမြို့ကို စစ်အင်အားဖြည့်တင်းရန် တန့်ယန်းမြို့မှ ချီတက်လာသည့် စစ်ကူကား ရှစ် စီး ကြားဖြတ်တိုက် ခိုက်ခံရပြီး ခြောက်စီး မီးလောင်ပျက်စီးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး သေဆုံးခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့မှ လားရှိုးမြို့ နမ့်ပေါင်ဘက်သို့ စစ်ကားရှစ် စီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀၀ ခန့်ဖြင့် ချီတက်လာသည့် စစ်ကူစစ်ကြောင်းကို ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ကိုးကန့်တပ်မတော် (MNDAA) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ပူးပေါင်းအဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
MNDAA နှင့် BPLA ပူးပေါင်းတပ်ဖွဲ့သည် အဆိုပါယာဉ်တန်းကို လားရှိုးမြို့နယ် မန်ပန်နှင့် ဟိုနားကျေး ရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကား ရှစ် စီးအနက် ခြောက် စီးမှာ မီးလောင်ပျက်စီးခဲ့ပြီး ယာဉ်ပေါ်ပါတပ်ဖွဲ့ဝင် ၅၀ ကျော်သေဆုံး၍ ၈၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
“အရှေ့အလယ်ပိုင်းတိုင်း(ရလခ)တိုင်းစစ်ဦးစီးချုပ် ဦးဆောင်ပြီး ချီတက်လာတဲ့စစ်ကူယာဉ်တန်း ကြားဖြတ် တိုက်ခံရတာ။ အတော်လေးသေတယ်။ စစ်ကောင်စီ တပ်သားတွေ မီးလောင်ကုန်တာ လည်းရှိတယ်။ တက်လာတဲ့ ကား ရှစ် စီးလုံးကို တိုက်ခိုက်နိုင်ခဲ့တာပါ”ဟု စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်ကူယာဉ်တန်းကို ဦးဆောင်သည့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန်းထွန်းအောင်မှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိသဖြင့် ခိုလမ်စစ်ဆေးရုံသို့ ပို့ဆောင်ထားရကာ ၎င်းကိုဆေးရုံသို့ ပို့ဆောင်ရန် လမ်းတောင်းခံခဲ့ရကြောင်း သိရသည်။
စစ်ကူချီတက်လာသည့် စစ်ယာဉ်တန်း တိုက်ခိုက်ခံရသည့် ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်တွင်မူ စစ်ကားများမီး လောင်ပျက်စီးနေပြီး စစ်ကားအချို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများ တစ်ဝက်တစ်ပျက် မီးလောင်နေ သည်ကို တွေ့ရသည့်အပြင် အများအပြား သေဆုံးနေသည်ကို တွေ့ရသည်။
မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေသည့် လားရှိုးမြို့တွင် စစ်ကောင်စီဘက်မှ ရမခဒုတိုင်းမှူး သေဆုံးခဲ့ပြီး ယခုတဖန် စစ်ကူချီတက်လာသည့် တိုင်းစစ်ဦးစီးချုပ်ဆိုသူလည်း ထိခိုက်ဒဏ်ရာရ၍ နောက်ပြန် လှည့်ခဲ့ရသည့် ဖြစ်စဉ်များရှိနေသော်လည်း လားရှိုးသို့ စစ်ကူအင် အားအချို့ ပို့ဆောင်လိုက်နိုင်ကြောင်း သိရသည်။
“ရလခက စစ်ကူအချို့ လားရှိုးကိုရောက်တာဟုတ်ပါတယ်။ အဲဒီအချို့လေးရောက်တာကိုပဲ ရမခကြီး တစ်ခုလုံးရော၊ လောက်ကိုင်ကိုပါ ပြန်ရတော့မလို ဘမော တွေ ပျော်နေတာကြည့်ပြီး ရီချင်တယ်။ တိုင်းစစ်ဦးစီး ချုပ်ဦးဆောင်တက်လာတဲ့ ယာဉ်တန်းတိုက်ခံရပြီး သူကိုယ်တိုင် ပက်လက်ကလေး ပြန်ရချိန် အဖွဲ့တစ်ခုရဲ့ အကူအညီနဲ့ လမ်းတောင်းပြီး ခိုလမ်ပြန်သွားရတာကိုသိရရင် အပြည့်အဝ ပျော်နိုင်မယ် မထင်ဘူး” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တပ်ထောက်ခံ ဝါဒဖြန့်ချန်နယ်များတွင် “လက်စွမ်းပြလိုက်စမ်းပါ နေဝန်းနီ၊ ရမခရဲ့အောင်ပွဲဟာ နိုင်ငံ့ဂုဏ်သိက္ခာ၊ ပြည်သူအားလုံး နေဝန်းနီနှင့်အတူ ရပ်တည်နေပါသည်၊ နေဝန်းနီပြန်လာပြီ”ဟု ရေးသားဖော်ပြကြသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်နေ့သည် အရှေ့မြောက်တိုင်းစစ် ဌာနချုပ်(ရမခ)၏ ၅၂ နှစ်ပြည့် တပ်တော် မွေးနေ့ဖြစ်ပြီး MNDAA နှင့် BPLA ပူး ပေါင်းတပ်တို့မှ ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်မှုတို့ ကြောင့် တပ်မွေးနေ့ပင် မပြုလုပ်နိုင်ဘဲ တိုင်းစစ်ဌာနချုပ်ကြီး တစ်ခုလုံးလက်လွှတ်လိုက်ရပြီးဖြစ်သည်။
ပုံစာ-လားရှိုးသို့ ချီတက်လာစဉ် ကြားဖြတ်တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီယာဉ်တန်း
#ရှမ်းမြောက် #လားရှိုး #တန့်ယန်း #ရလခ #စစ်ကူ #ကြားဖြတ် #တိုက်ခိုက်ခံရ #MNDAA #BPLA #ပူး ပေါင်းတပ် #စစ်ကောင်စီ #သေဆုံးမှုများ #Ayeyarwaddy_Times