ဧရာဝတီတိုင်းမ်
(ဖြူး)၊ ဇူလိုင် ၃၁ ရက်

ပဲခူးတိုင်း(အရှေ့ခြမ်း)၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရွာ ရဲစခန်းကို ဖြူးမြို့နယ်(ပကဖ) မှ ယမန်နေ့ ဇူလိုင် ၃၀ ရက်၊ ညနေ ၄နာရီဝန်းကျင်က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီမှ အခြေချထားသည့် ညောင်ပင်သာရဲစခန်းကို ဖြူးမြို့နယ်(ပကဖ) ဒရုန်းအဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် တစ်ဦးသေ ဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဖြူး ညောင်ပင်သာရဲစခန်းကို ဒရုန်းချတာ ရဲတယောက်သေတယ်။ ညောင်လေးပင်ဘက်မှာလည်း စစ်ကောင်စီက ဒရုန်းပြန်ချတာရှိတယ်။ လက်နက်ကြီးတွေနဲ့ပစ်တာ ပြည်သူတွေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိခိုက်ဒဏ်ရာရခဲ့သည့် ရဲနှစ်ဦးကို ယခုအခါ ညောင်ပင်သာဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။

အဆိုပါ ဇူလိုင် ၃၀ ရက်နေ့ညက စစ်‌ကောင်စီသည် ညောင်လေးပင်မြို့နယ်၊ ကောက်မယ်သူ ကျေးရွာ ဘုန်းကြီးကျောင်းကို အကြောင်းမဲ့ ဒရုန်းနှစ်စီးဖြင့် တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှုများဖြစ်‌ပွားခဲ့ရကြောင်းလည်း သိရသည်။

ဖြူးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့ကလည်း ညောင်ပင်သာရဲစခန်းမှ ဒုတပ်ကြပ် လင်းလင်း ဆိုသူမှာဘီယာသောက်နေစဉ် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဖြူး(ပကဖ) ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – ပေးပို့
#ဖြူး #ညောင်လေးပင် #စစ်ကောင်စီတပ် #ရဲစခန်း #ဒရုန်းဖြင့်တိုက်ခိုက်ခံရ #ဖြူးပကဖ #Ayeyarwaddy_Times