
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်
ယခုလ ရက်ပေါင်း ၃၀ အတွင်း မြို့ကြီးအများအပြားတွင် ရေလွှမ်းမိုးမှုများဖြစ်ပွားသဖြင့် အခြေခံပညာကျောင်းပေါင်း ၂၀၀ နီးပါး ပိတ်ထားရကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများမှာ ဧရာဝတီတိုင်း ကျူံပျော်တွင် ၁၆ ကျောင်း၊ ပန်းတနော်တွင် ၉၇ ကျောင်း၊ မကွေးတိုင်း စလင်းတွင် ၂၉ ကျောင်း၊ ပွင့်ဖြူတွင် ၁၅ ကျောင်းနှင့် ပခုက္ကူတွင် ခုနစ် ကျောင်းပိတ်ထားရပြီး အခြားပိတ်ထားရသည့် အခြေခံပညာကျောင်းများလည်း ရှိကြောင်း သိရသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ တနင်္သာရီတွင် အခြေခံပညာကျောင်း ၂၀ ကျော် ပိတ်ထားရပြီး မူလတန်း၊ မူလတန်းလွန်နှင့် အထက်ကျောင်းများပါဝင်သည်။
လက်ရှိတွင် အခြေခံပညာကျောင်းများ ပိတ်ထားရ၍ ကျောင်းသား၊ကျောင်းသူများ ပညာ သင်ကြားရာတွင် အခက်အခဲမဖြစ်စေရန်နှင့် သင်ရိုးညွှန်းတန်းမီရန်အတွက် ရေပြန်ကျသွားပါက ကျောင်းပိတ်ရက်မရှိဘဲ ကျောင်းတက်ရမည်ဖြစ်ကြောင်း ဆရာမတစ်ဦးက ပြောကြားသည်။
သဘာဝဘေးအန္တရာယ်ကြောင့် ယာယီပိတ်ထားရသည့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင်လည်း အချိန်ပိုများ သင်ကြားပေးပြီး ကလေးငယ်များ အမှန်တကယ်စာတတ်မြောက်စေရေး သင်ကြားပေး ရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်က ဆိုထားသည်။
ယခုနှစ် ၂၀၂၄-၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ၇၀ ရာခိုင်နှုန်းခန့် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား ၉၂ ရာခိုင်နှုန်း ကျောင်းတက်ရောက်လျက်ရှိကြောင်း စစ်ခေါင်းဆောင်၏ ပြောကြားချက်အရ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ရေကြီးမှု #အခြေခံစာသင်ကျောင်းများ #ပိတ်ထားရ #ပညာရေးအခက်အကြုံရ #Ayeyarwaddy_Times